Skip to main content

(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပဲခူးမြို့ သစ်သီးဝလံ၊ ပန်းမန်ပြပွဲနှင့် MSMEs ဒေသထုတ်ကုန် စျေးရောင်းပွဲတော်ကျင်းပ ခင်းကျင်းပြသရောင်းချသည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSMEs) လုပ်ငန်းရှင်များ၏ ရင်တွင်းစကားသံများ

ပဲခူး ဖေဖော်ဝါရီ ၁၁

နိုင်ငံစီးပွားရေးအထောက်အကူပြု အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSMEs)လုပ်ငန်းများကို ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ ရွှေမော်ဓောဘုရား အနောက်ဘက်မုခ် ယာဉ်ရပ်နားဝင်း၌ ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၂ ရက်အထိ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သစ်သီးဝလံ၊ ပန်းမန်ပြပွဲနှင့် MSMEs ဒေသထုတ်ကုန် စျေးရောင်းပွဲတော်ကို အရောင်းပြခန်း ၄၅ ခန်းဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ အဆိုပါစျေးရောင်းပွဲတော်သို့ လာရောက်ခင်းကျင်းပြသသည့် ဒေသထုတ်ကုန် လုပ်ငန်းရှင်များနှင့် တွေ့ဆုံမေးမြန်းမှုမှရင်တွင်းစကားသံများ ဖော်ပြလိုက်ပါသည်-

ဒေါ်ရီရီတင့် “တင့်တင့် ကရေကရာလုပ်ငန်း လက်ပံတန်းမြို့

ကျွန်မက “တင့်တင့် ကရေကရာလုပ်ငန်းရဲ့လုပ်ငန်းရှင်ဒေါ်ရီရီတင့် ဖြစ်ပါတယ်။ သာယာဝတီခရိုင် လက်ပံတန်းမြို့မှ လာရောက်ရောင်းချတာပါ။ ကရေကရာလုပ်ငန်းကို လုပ်ကိုင်လာခဲ့တာ နှစ်ပေါင်း ၄၀ ကျော်ရှိပါပြီ။ အခုလို MSMEs ဒေသထုတ်ကုန်ပြပွဲတွေမှာ လိုက်လံရောင်းချတာ ငါးကြိမ်ရှိပါပြီ။ အခုလို ပြည်ထောင်စုနေ့အထိမ်းအမှတ် အခမ်းအနားပြပွဲမှာဆိုရင် နှစ်ကြိမ်ရှိပါပြီ။ ရောင်းအားလည်းကောင်းပြီး မိတ်ဆွေတွေလည်း တိုးပါတယ်။ အရောင်းအဝယ်လည်း ပိုမိုတိုးတက်လာပါတယ်။

ဒေါ်မိုးမိုးအောင် “ငွေငါး ငါးဖယ်ချဉ်နှင့် ပုစွန်ချဉ်လုပ်ငန်း ပဲခူးမြို့

ငွေငါး ငါးဖယ်ချဉ်နှင့် ပုစွန်ချဉ်လုပ်ငန်းက ဒေါ်မိုးမိုးအောင်ပါ။ ပဲခူးမြို့ ရွှေသာလျောင်းလမ်းမတန်းက လာရောက်ရောင်းချတာဖြစ်ပါတယ်။ ငါးဖယ်ချဉ်နှင့် ပုစွန်ချဉ်လုပ်ငန်း လုပ်ကိုင်လာခဲ့တာ ကိုးနှစ်ရှိပါပြီ။ အခုလို MSMEs ဒေသ ထုတ်ကုန်ပြပွဲတွေမှာ လိုက်လံရောင်းချတာ ခုနစ်ကြိမ်ရှိပါပြီ။ အခုလိုပြပွဲတွေမှာ ပြသရောင်းချခြင်းအားဖြင့် အနယ်နယ်အရပ်ရပ်ရှိ စားသုံးသူတွေက ငွေငါးဆိုတာကို ပိုသိသွားကြပါတယ်။ ဒေသထွက်ကုန်အနေနဲ့ ပြသခွင့်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်။

ဦးဇော်ဇော် “တိုးမြင့် နွားနို့၊ ဒိန်ချဉ်နှင့် နို့ထွက်ပစ္စည်းများ ထုတ်လုပ်ရောင်းချရေးလုပ်ငန်း ကြို့ပင်ကောက်မြို့

သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ကနေ လာရောက်ရောင်းချတာဖြစ်ပါတယ်။ အခုလို MSMEs ဒေသထုတ်ကုန်ပြပွဲတွေမှာ လိုက်လံရောင်းချတာ ငါးကြိမ်ရှိပါပြီ။ အခုလိုပြပွဲတွေမှာ ရောင်းချပေးခြင်းအားဖြင့် ပိုမိုရောင်းအားကောင်းခဲ့သလို နိုင်ငံတော်အစိုးရအနေနဲ့ ပံ့ပိုးကူညီမှုရရှိတဲ့အတွက် လုပ်ငန်းတွေ ပိုမိုချဲ့ထွင်လုပ်ကိုင်လာနိုင်ခဲ့ပါတယ်။ အခုလည်း ရောင်းအားကောင်းပါတယ်။

ဦးအောင်နိုင်ဦး “ဥမ္မာကျော် ထမင်းသုပ်လုပ်ငန်း ရွှေတောင်မြို့

ပြည်ခရိုင် ရွှေတောင်မြို့ကနေ ကိုယ်စားလှယ်အနေနဲ့ လာရောက်ရောင်းချတာ ဖြစ်ပါတယ်။ အခုလို လာရောက်ရောင်းချတဲ့ ရည်ရွယ်ချက်ကတော့ အကျိုးအမြတ်က အဓိကမဟုတ်ပါဘူး။ စျေးကွက်က အင်မတန်အရေးကြီးပါတယ်။ စျေးကွက်ရနေမယ်ဆိုရင် ထုတ်ကုန်တွေ များများရောင်းရမှာ ဖြစ်ပါတယ်။ အခုဆိုရင် ဥမ္မာကျော်ကထုတ်တဲ့ ပစ္စည်းတွေကိုလည်း မိသားစုအနေနဲ့ နေပြည်တော်မှာ လက်ရှိရောင်းချနေပြီဖြစ်ပါတယ်။

ဒေါ်ရွှေရည်ဖြိုး “ရွှေနှင်းဆီ ရှောက်သီး ဆေးပြား၊ ရှောက်ယို၊ ရှောက်ပေါင်း ရောင်းဝယ်ရေးလုပ်ငန်း ရွှေကျင်မြို့

ရွှေကျင်မြို့ကနေ လာရောက်ရောင်းချတာပါ။ အခုလိုပြပွဲမှာ လာရောက်ရောင်းချတဲ့အတွက် ကျွန်မတို့ ရွှေနှင်းဆီ ရှောက်သီးဆေးပြားလုပ်ငန်းဟာ စျေးကွက်လည်းရလာသလို ရောင်းအားလည်း ကောင်းလာပါတယ်။ အခုလည်း အများကြီးရောင်းရပါတယ်။ MSMEs ဒေသ ထုတ်ကုန်ပြပွဲတွေမှာ လိုက်လံရောင်းချတာ နှစ်ကြိမ်ရှိပါပြီ။

ဦးသန်းဇော်လတ် “လုပ်သား မရွေး လုပ်ငန်း ပိန်းဇလုပ်မြို့

ညောင်လေးပင်မြို့နယ် ပိန်းဇလုပ်မြို့ကနေ လာရောက်ရောင်းချတာဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်ကတည်းက စတင်လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။ အခုလို MSMEs ဒေသထုတ်ကုန် ပြပွဲတွေမှာ လိုက်လံရောင်းချတာ လေးကြိမ်ရှိပါပြီ။ စျေးကွက်မှာ လူသိများလာပြီး အရောင်းအဝယ်လည်း လိုက်လာပါတယ်။ အခုဆိုရင် ပါကင်ထုပ်ပိုးမှုကိုပါ အဆင့်မြှင့်ဖို့ အစီအစဉ်ရှိပြီး လုပ်ငန်းတိုးချဲ့လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

ဦးညီညီအောင် “ဝတုတ်ကြီး နှစ်ပြန်ကြော်၊ချစ်စရာ WoW! အာလူးကြော်နှင့် အကြော်စုံလုပ်ငန်း ပဲခူးမြို့

MSMEs ဒေသထုတ်ကုန်ပြပွဲတွေမှာ အခုလိုလာရောက်ပြသခွင့်ရရှိတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်တော်တို့တံဆိပ်ဟာ အရှုံးအမြတ်ထက် လူသိများပြီးတော့ ထုတ်ကုန် အောင်မြင်မှုလည်း ရရှိပါတယ်။

မယွန်းပြည့်အောင် “ရွှေဒင်္ဂါး ပုစွန်ငါးပိ ထောင်းလုပ်ငန်း ပဲခူးမြို့

ပဲခူးမြို့ ကျောက်ကြီးစုရပ်ကွက်က လာရောက်ရောင်းချတာဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရရဲ့ ပံ့ပိုးကူညီမှုကြောင့် ထုတ်ကုန်ပိုမိုထုတ်လုပ်လာနိုင်ခဲ့သလို လုပ်ငန်းပိုမိုအောင်မြင်ပြီး လူသိများကာ ရောင်းအားလည်း ပိုမိုကောင်းလာပါတယ်။ MSMEs ဒေသထုတ်ကုန်ပြပွဲတွေမှာ လိုက်လံရောင်းချတာ ၁၀ ကြိမ် ရှိပါပြီ။ အခုလို ဒေသထုတ်ကုန်လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေး ပံ့ပိုးကူညီပေးတဲ့ နိုင်ငံတော်အကြီးအကဲကိုလည်း ကျေးဇူးတင်ပါတယ်။

တွေ့ဆုံမေးမြန်း - ဒေါ်ချစ်ချစ်သန်း (ပြန်/ဆက်)

ဓာတ်ပုံ - လှမိုး (ပြန်/ဆက်)