Skip to main content

ကျန်းမာရေးဝန်ကြီးဌာန အထူးကုဆေးကုသရေးအဖွဲ့ တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ဆေးရုံကြီး(မြိတ်မြို့)သို့ ဒုတိယအကြိမ် ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်

နေပြည်တော် ဖေဖော်ဝါရီ ၁၁

ကျန်းမာရေးဝန်ကြီးဌာနသည် နိုင်ငံသားများ၏ အခြေခံလူမှုစီးပွားဘဝ တိုးတက်စေရန်အတွက် လူတိုင်းကျန်းမာရေးကောင်းမွန်စေရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ တိုးတက်အောင် ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းစဉ်တစ်ရပ်အဖြစ် အထူးကုဘာသာရပ်ဆိုင်ရာကုသမှုများကို ပြည်သူများ လက်လှမ်းမီရရှိနိုင်ရေးအတွက် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်မှ ပါမောက္ခအထူးကု ဆရာဝန်ကြီးများပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့များဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ကွင်းဆင်းကုသမှုအစီအစဉ်များ ဆောင်ရွက်လျက်ရှိသည်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အထူးကုဆေးရုံကြီး(ခုတင်-၅၀၀)ရန်ကုန်၊ ကလေးဆေးရုံကြီး - ရန်ကုန်နှင့် ခုတင်-၅၅၀ ဆံ့ကလေးဆေးရုံကြီး ရန်ကုန်တို့မှ ပါမောက္ခအထူးကု ဆရာဝန်ကြီးများပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့သည် ကျန်းမာရေးဝန်ကြီးဌာန အစီအစဉ်ဖြင့် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့သို့ ဒုတိယအကြိမ်အဖြစ်သွားရောက်၍ ပြည်သူ့ဆေးရုံကြီး မြိတ်မြို့မှ အထူးကု ဆရာဝန်ကြီးများနှင့်အတူ ဒေသခံပြည်သူများကို ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ရာ အဆိုပါခရီးစဉ်အတွင်း နှလုံးဆေးကုသမှုဆိုင်ရာ လူနာ ၂၁၀၊ အစာအိမ်အူလမ်းကြောင်းဆိုင်ရာ လူနာ ၁၆၀၊ ဦးနှောက်နှင့် အာရုံကြောဆေး ကုသမှုဆိုင်ရာလူနာ ၁၉၀၊ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ကုသမှုဆိုင်ရာ လူနာ ၂၁ ဦး၊ အထွေထွေရောဂါ ဆေးပညာဆိုင်ရာလူနာ ၁၂၄ ဦး၊ ရင်ခေါင်း ဆေးကုသမှုဆိုင်ရာ လူနာ ၅၉ ဦး၊ အရိုးအကြောအဆစ် ရောဂါဆိုင်ရာ လူနာ ၂၈၃ ဦး၊ ဆီးချိုနှင့် ဟော်မုန်းရောဂါဆိုင်ရာ လူနာ ၁၁၉ ဦး၊ ဆီးနှင့် ကျောက်ကပ်ဆေးကုသမှုဆိုင်ရာ လူနာ ၁၀၈ ဦး၊ ကလေးနှလုံးဆေးကုသမှုဆိုင်ရာ လူနာ ၄၅ ဦး၊ ကလေးကင်ဆာရောဂါဆိုင်ရာ လူနာ ၇၆ ဦး၊ ကလေးဦးနှောက်နှင့် အာရုံကြော လူနာ ၄၇ ဦး၊ မျက်စိရောဂါလူနာ ၈၉ ဦး၊ သွားနှင့်ခံတွင်းလူနာ ၃၀ စုစုပေါင်းဒေသခံပြည်သူ ၁၅၆၁ ဦးကို ကြည့်ရှုကုသပေးနိုင်ခဲ့သည်။

လာရောက်ပြသသော လူနာများတွင် မြိတ်မြို့သာမက မြိတ်ခရိုင်အတွင်းရှိ မြို့နယ်ငါးမြို့နယ်နှင့် ကော့သောင်းမြို့နယ်တို့မှ မြို့ပေါ်နှင့် ကျေးလက်နေပြည်သူများပါဝင်ပြီး ရောဂါရှာဖွေစမ်းသပ်မှုများအနေဖြင့် နှလုံးပုံရိပ်ဖော်စက်ဖြင့် ကြည့်ရှုခြင်း (Echocardiography) ၇၅ ဦး၊ အစာအိမ်မှန် ပြောင်းကြည့်ရှုခြင်း(OGD Scope) ၂၃ ဦး၊ အူမကြီးမှန်ပြောင်းကြည့်ရှုခြင်း (Colonoscope) နှစ်ဦး၊ ကွန်ပျူတာဓာတ်မှန် (CT Scan) ရိုက်ကူးခြင်း ၁၈ ဦး၊ သွေးချိုဓာတ် (HbA1C) တိုင်းတာခြင်း ၈၀၊ အဆစ်တွင်းဆေးထိုး၍ ကုသမှုပေးခြင်း လေးဦး၊ ဓာတ်မှန်ဖြင့် ရောဂါရှာဖွေခြင်း ၉၀၊ ဓာတ်ခွဲ စမ်းသပ်စစ်ဆေးခြင်း ၂၃၃ ဦး၊ Ultrasound ရိုက်ကူးခြင်း ၅၄ ဦး၊ အဆုတ်စမ်းသပ်စစ်ဆေးခြင်း (PEFR) ၃၄ ဦးနှင့် နှလုံးစက်ဖြင့် စစ်ဆေးခြင်း(ECG) ၁၇၉ ဦးတို့ကို စမ်းသပ်စစ်ဆေးပေးနိုင်ခဲ့ပြီး နှလုံးရောဂါဆိုင်ရာလူနာ ၁၅ ဦး၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာလူနာ နှစ်ဦး၊ ရင်ခေါင်းရောဂါလူနာနှစ်ဦး၊ ဆီးနှင့် ကျောက်ကပ်ရောဂါ လူနာ ၁၂ ဦး၊ ကလေးကင်ဆာရောဂါ လူနာ နှစ်ဦး၊ ကလေးဦးနှောက်နှင့် အာရုံကြောရောဂါလူနာ ရှစ်ဦး၊ ကလေးနှလုံးရောဂါဆိုင်ရာလူနာ ၁၇ ဦး တို့ကို လိုအပ်သောစစ်ဆေးကုသမှုများ ဆက်လက်ဆောင်ရွက်နိုင်ရန် ရန်ကုန်ရှိသက်ဆိုင်ရာ ပြည်သူ့ဆေးရုံကြီးများသို့ လွှဲပြောင်းကုသမှု ဆောင်ရွက်ပေးနိုင်ခဲ့သည်။

ထို့ပြင် ဖေဖော်ဝါရီ ၁၁ ရက် ညနေပိုင်းတွင် အထူးကုဆေးကုသရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ပါမောက္ခ ဒေါက်တာရဲထွန်း၊ ပါမောက္ခဌာနမှူး (ရင်ခေါင်းဆေးကု)က နာတာရှည်အဆုတ်နှင့် အသက်ရှူလမ်းကြောင်းရောဂါများဖြစ်သည့် ပန်းနာရင်ကျပ် ရောဂါနှင့် အဆုတ်ပွ လေပြွန်ကျဉ်း ရောဂါအကြောင်းကိုလည်းကောင်း၊ ပါမောက္ခဒေါက်တာ မင်းဇော်ဦး၊ ပါမောက္ခ(ဆေးပညာ)က သွေးတိုးရောဂါအကြောင်းကိုလည်းကောင်း၊ ပါမောက္ခဒေါက်တာ စန်းစန်းဝင်း၊ ပါမောက္ခ(ဆီးချိုနှင့် ဟော်မုန်း)က ဆီးချိုသွေးချိုရောဂါအကြောင်းကိုလည်းကောင်း ကျန်းမာရေးဝန်ထမ်းများနှင့် လာရောက်ပြသသူလူနာများကို အသိပညာပေးဟောပြောသည်။

တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများသည် ဖေဖော်ဝါရီ ၁၀ ရက်ကလည်းကောင်း၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ဖေဖော်ဝါရီ ၁၁ ရက်တွင် လည်းကောင်း လာရောက်ပြသကုသမှုခံယူကြသော လူနာများကို ကြည့်ရှုအားပေး၍ ပါမောက္ခအထူးကု ဆရာဝန်ကြီးများကို ကျေးဇူးတင်စကားပြောကြားကာ ဒေသထွက်လက်ဆောင်များပေးအပ်ပြီး ညစာအတူသုံးဆောင်ကြသည်။

ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်မှ အထူးကုသမှုဆိုင်ရာ (Super specialty) ပါမောက္ခ၊ အထူးကု ဆရာဝန်ကြီးများ၏ အထူးကုကွင်းဆင်းကုသရေးခရီးစဉ်များကို ၂၀၂၃ ခုနှစ်အတွင်း ၁၅ ကြိမ်၊ ၂၀၂၄ ခုနှစ်အတွင်း ၇ ကြိမ် ဆောင်ရွက်ထားရှိပြီး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်