Skip to main content

တောင်ငူမြို့နယ်၊ ကေတုမတီမြို့သစ်ရှိ သီတဂူကေတုမတီဗုဒ္ဓတက္ကသိုလ် အာယုဒါနဆေးရုံတော်၌ မျက်စိခွဲစိတ်ကုသမှုခံယူလျက်ရှိသော သံဃာတော်များနှင့် ဒေသခံပြည်သူများအား အလှူငွေပေးအပ်

နေပြည်တော် ဖေဖော်ဝါရီ ၁၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ကေတုမတီမြို့သစ်ရှိ သီတဂူကေတု မတီဗုဒ္ဓတက္ကသိုလ် အာယုဒါနဆေးရုံတော်၌ မျက်စိခွဲစိတ်ကုသမှုခံယူလျက်ရှိသော သံဃာတော်များနှင့် ဒေသခံပြည်သူများအား အလှူငွေပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဆေးရုံ၌ပြုလုပ်ရာ သီတဂူကေတုမတီ ဗုဒ္ဓတက္ကသိုလ်ကျောင်းအုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တတိက္ခသာရအမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်သိုက်နှင့် တာဝန်ရှိသူများ၊ စေတနာရှင်အလှူရှင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သီတဂူကေတုမတီ ဗုဒ္ဓတက္ကသိုလ်ကျောင်းအုပ် ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ထို့နောက် တိုင်းမှူးက မျက်စိခွဲစိတ်ကုသမှုခံယူလျက်ရှိသော သံဃာတော်များနှင့် ဒေသခံပြည်သူများအတွက် တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့မျာ နှင့် ဌာနဆိုင်ရာဝန်ထမ်းများမှ လှူဒါန်းသော အလှူငွေကျပ်သိန်း ၁၅၀ ကို ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။ ယင်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သီတဂူကေတုမတီ ဗုဒ္ဓတက္ကသိုလ်ကျောင်းအုပ် ဆရာတော်ထံမှ အနုမောဒနာတရားနာယူပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။ ၎င်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက မျက်စိခွဲစိတ်ကုသမှုခံယူလျက်ရှိသော သံဃာတော်များနှင့် ဒေသခံပြည်သူများအား လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

အဆိုပါ သီတဂူကေတုမတီ ဗုဒ္ဓတက္ကသိုလ် အာယုဒါနဆေးရုံတော်သည် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ရွှေကျင်နိကာယဥက္ကဋ္ဌ ရွှေကျင်သာသနာပိုင် သီတဂူဆရာတော်ဘုရားကြီး ဒေါက်တာဘဒ္ဒန္တ ဉာဏိဿရ တည်ထောင်တော်မူသည့် ဆေးရုံတော်(၄၃)ခုအနက် (၃၇)ခုမြောက်ဆေးရုံတော်ဖြစ်ပြီး မျက်စိဝေဒနာရှင်များအား ဖေဖော်ဝါရီ ၆ ရက်မှ ၁၆ ရက်အထိ တစ်နေ့လျှင် ၁၂၀ ဦးခန့်ဖြင့် မျက်စိအထူးကုဆရာဝန်ကြီးများ၊ ပါရဂူများ၊ ဆရာဝန်များ၊ တပ်မတော်သား ပါရဂူများ၊ ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများက မျက်စိစမ်းသပ်စစ်ဆေးပေးခြင်း၊ လေဆာပစ်ခြင်း၊ ခွဲစိတ်ကုသခြင်း၊ မျက်စိတိမ်များခြစ်ထုတ်ခြင်းနှင့် မျက်လုံးအစားထိုးကုသခြင်းများ ကုသပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။