နေပြည်တော် ဖေဖော်ဝါရီ ၁၁
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဒေသခံတိုင်းရင်းသားပြည်သူများအား ဖေဖော်ဝါရီ ၁၀ ရက်နှင့် ယနေ့တို့တွင် ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့် ဦးစီးပါမောက္ခ/အထူးကုဆရာဝန်ကြီးများပါဝင်သော အထူးကုသရေးဆေးအဖွဲ့က မြိတ်မြို့ ပြည်သူ့ဆေးရုံ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် အထူးကုသရေးဆေးအဖွဲ့က ဦးနှောက်နှင့် အာရုံကြောရောဂါ၊ နှလုံးရောဂါ၊ ဆီးနှင့်ကျောက်ကပ်ရောဂါ၊ ဆီးချိုနှင့်ဟော်မုန်းရောဂါ၊ ကလေးရောဂါ၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာရောဂါ၊ အရိုးအကြောအဆစ်ရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အထူးကုသရေးဆိုင်ရောဂါများနှင့်ပတ်သက်၍ ဒေသခံတိုင်းရင်းသားပြည်သူများအား လိုအပ်သော ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို ယနေ့နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စွာဦးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။