Skip to main content

စစ်ကိုင်းမြို့နယ်၊ မန္တလေး-မုံရွာကားလမ်းမပေါ်ရှိ လယ်ကြီးရွာအနီးနှင့် မုံရွာမြို့၊ စီးပွားရေးတက္ကသိုလ်အနီး ဇလုပ်အဝိုင်းအနီးတို့၌ ခရီးသွားပြည်သူအချို့အား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ စစ်ဆေးမေးမြန်းခြင်း၊ ဖမ်းဆီးခြင်းများ လုပ်ဆောင်နေကြောင်း သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်တွင် မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော် ဖေဖော်ဝါရီ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ လယ်ကြီးကျေးရွာအနီး မန္တလေး-မုံရွာသွား ကားလမ်းအပေါ်တွင် ဖေဖော်ဝါရီ ၁၁ ရက် မနက်ပိုင်းက လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ခရီးသွားပြည်သူ ၄၀ ဦးခန့် စစ်ဆေးမေးမြန်းရန် ဖမ်းဆီးခဲ့သည်ဟူ၍ လည်းကောင်း၊ မုံရွာမြို့၊ စီးပွားရေးတက္ကသိုလ်အနီး ဇလုပ်အဝိုင်းပတ်တွင် ညနေ ၃ နာရီခန့်မှစ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ပြည်သူများအား ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်ဟူ၍လည်းကောင်း တရားမဝင်ပြည်ဖျက်မီဒီယာများမှ သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းများနှင့်ပတ်သက်၍ စစ်ကိုင်းမြို့နယ်၊ လယ်ကြီးကျေးရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ လုံခြုံရေးအရ စစ်ဆေးရှာဖွေခြင်းများ လုပ်ဆောင်မှုလုံးဝမရှိကြောင်း၊ မုံရွာမြို့၊ စီးပွားရေးတက္ကသိုလ်အနီး ဇလုပ်အဝိုင်းပတ်တွင် ပုံမှန်စစ်ဆေးခြင်းများသာ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ပြည်သူအများ ထိတ်လန့်စေရန်အတွက် လုပ်ကြံသတင်းလွှင့်ရေးသားခြင်းသာဖြစ်ကြောင်း သက်ဆိုင်ရာနယ်မြေ လုံခြုံရေးဆိုင်ရာတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

အကြမ်းဖက်အားပေး တရားမဝင်ပြည်ဖျက်မီဒီယာများသည် နိုင်ငံတည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်၊ ပြည်သူအများ စိုးရိမ်ထိတ်လန့်စေရန် ရည်ရွယ်၍ သတင်းတု၊ သတင်းအမှားများကို အချိန်ကိုက် လှုံ့ဆော်ရေးသားခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။