Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ပျဉ်းမနားမြို့နယ် သမဝါယမအသင်းစုလီမိတက်၏ ဘက်စုံစိုက်ပျိုးရေးနှင့် မွေးမြူရေးခြံသို့ ကွင်းဆင်းကြည့်ရှု

နေပြည်တော် ဖေဖော်ဝါရီ ၁၁

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ် သူဌေးကုန်းကျေးရွာရှိ ပျဉ်းမနားမြို့နယ်သမဝါယမ အသင်းစုလီမိတက်၏ ဘက်စုံစိုက်ပျိုးရေးနှင့် မွေးမြူရေးခြံသို့ သွားရောက်ပြီး မြို့နယ်သမဝါယမအသင်းစုလီမိတက်နှင့် Big M Group Services ကုမ္ပဏီတို့ အကျိုးတူပူးပေါင်း၍ ရုရှားသဘာဝမြေဩဇာများအသုံးပြုကာ ဧက ၄၀ ကျော်တွင် စိုက်ပျိုးထားရှိသော ထိုင်းအစေ့ထုတ်ပြောင်းမျိုး (GT-200 ၊ GT-822 ၊ GT-722) စိုက်ပျိုးထားရှိမှု၊ နှမ်း(Black 7) မျိုးစိုက်ပျိုးထားရှိမှု၊ မတ်ပဲနှင့်နေကြာ စိုက်ပျိုးထားမှု၊ ရုရှားသဘာဝမြေဩဇာကို အသုံးပြု၍ ထိုင်းနှံကောက်စပါးမျိုးဖြင့် နွေစပါးစိုက်ပျိုးထားမှုနှင့် ကြက်ကောင်ရေ ၄၀၀၀ မွေးမြူထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မြို့နယ်သမဝါယမအသင်းစုမှ အသင်းအမှုဆောင်များ၊ အသင်းသူ အသင်းသားများနှင့် တွေ့ဆုံကာ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားရေးနှင့် တောင်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို ပိုမိုလုပ်ကိုင်နိုင်ပြီး အထွက်တိုးရေး ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ရေးအတွက် သမဝါယမအသင်းစုတာဝန်ရှိသူများနှင့် အသင်းသားများကိုယ်တိုင်ကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ထို့ပြင် သမဝါယမအသင်းအဖွဲ့စနစ်ဖြင့် တောင်သူများလိုအပ်သည့် မျိုးကောင်းမျိုးသန့်၊ သွင်းအားစုများကို စိုက်ပျိုးချိန်အမီရရှိရေး ပေါင်းစပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်ရမည့် စိုက်ပျိုးရေးနည်းစနစ်များအတိုင်း လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း၊ စိုက်ပျိုးရေးကဏ္ဍတွင် တောင်သူများ၏ အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေးနှင့် စိုက်ပျိုးသီးနှံများ အထွက်နှုန်းတိုးစေရေးအတွက် စံချိန်စံညွှန်းပြည့်ဝသည့် ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးများကို ဈေးနှုန်းသက်သာစွာဖြင့် ရာသီချိန်မီ ဖြန့်ဖြူးရောင်းချပေးနိုင်ရေးကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားကာ လုပ်ငန်းလိုအပ်ချက်များအပေါ် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)