Skip to main content

ကောလင်းမြို့အတွင်း ဝင်ရောက်နေရာယူ၍ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိသည့် KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများအား တိုက်ခိုက်ချေမှုန်း၊ မိုင်းရှင်းလင်းရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော် ဖေဖော်ဝါရီ ၁၀

KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၃ ရက်တွင် KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက အင်အားအလုံးအရင်းဖြင့်ဝင်ရောက်၍ မြို့လုံခြုံရေးထုတ်နုတ်အဖွဲ့နှင့် မြို့နယ်အဆင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့စခန်းတို့ကို တိုက်ခိုက်ခဲ့ပြီး မြို့နှင့်အနီးပတ်ဝန်းကျင်တွင် ဒေသခံပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ဆက်ကြေးကောက်ခြင်း၊ လူနေအိမ်များနှင့်အစိုးရ၏ အုပ်ချုပ်မှုယန္တရားများရပ်တန့်စေရန် ဌာနဆိုင်ရာအဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ခြင်း၊ နေရပ်စွန့်ခွာသူဒေသခံများ၏နေအိမ်များသို့ ဖောက်ထွင်းဝင်ရောက်၍ ပစ္စည်းများယူဆောင်ခြင်း၊ ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်အဖျက်အမှောင့် လုပ်ငန်းများကိုလုပ်ဆောင်ခဲ့ပါသည်။

အကြမ်းဖက်သမားများအနေဖြင့် ကောလင်းမြို့အား စစ်ကိုင်းတိုင်းဒေသကြီး၏ တောင်ဘက်နှင့် မြောက်ဘက်ဆက်သွယ်မှုအရ အရေးကြီးသောမြို့ဖြစ်ခြင်း၊ ကောလင်းမြို့အနီးရှိ သဖန်းဆိပ်ဆည်ပတ်ဝန်းကျင်တွင် တရားမဝင်လုပ်ကိုင်လျက်ရှိသည့် ရွှေလုပ်ကွက်နှင့် ရေနံလုပ်ကွက်များကို ထိန်းချုပ်နိုင်သည့်နေရာဖြစ်ခြင်းတို့ကြောင့် အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ကောလင်းမြို့သို့ အကြမ်းဖက်သမားများ ဝင်ရောက်တိုက်ခိုက်အကြမ်းဖက်လုပ်ရပ် ကျူးလွန်မှုအပေါ် နီးစပ်ရာတပ်ရင်း၊ တပ်ဖွဲ့ရှိတပ်မတော်သားများနှင့် လှုပ်ရှားစစ်ကြောင်း တစ်ကြောင်းမှ တန်ပြန်ချေမှုန်းရေးဆောင်ရွက်ခဲ့သော်လည်း တစ်ချိန်တည်း၊ တစ်ပြိုင်တည်းတွင် ထီးချိုင့်မြို့အားအကြမ်းဖက်သမားများ၏ လက်အောက်သို့မကျရောက်ရေး အတွက်လည်း အင်အားဖြန့်ခွဲ၍ စစ်ကူပစ်ကူပေးခဲ့ရခြင်းကြောင့် ကောလင်းမြို့အား တပ်မတော်နှင့်မြန်မာနိုင်ငံရဲတပ်ဖွဲ့များမှ သင့်တင့်သောအင်အားအသုံးပြု၍ ဝိုင်းပတ်ပိတ်ဆို့ထားရှိခဲ့သည်။

တစ်ချိန်တည်းတွင် ကောလင်းမြို့ခံဝန်ထမ်းများ၊ အရပ်သားများအနေဖြင့် အကြောင်းမဲ့နေရပ် စွန့်ခွာထွက်ပြေးရမှု၊ အနိုင်ကျင့်ခံရမှုအပေါ် တုံ့ပြန်နိုင်ရေးနှင့် နှိပ်စက်မှုများကို လက်မခံနိုင်သည့်ကျေးရွာများမှ လူငယ်များ၊ လူလတ်ပိုင်းများအနေဖြင့်လည်း ဝန်းသို၊ ကန့်ဘလူမြို့နယ်ရှိ နီးစပ်ရာတပ်ဌာနချုပ်များမှ လှုပ်ရှားလုံခြုံရေးအဖွဲ့နှင့်ပူးပေါင်း၍ မြို့၊ရွာကာကွယ်ရေးအတွက် ကူညီဆောင်ရွက်ပေးရန် တောင်းဆိုမှုများအရ ရပ်ရွာလုံခြုံရေး၊ မြို့ရွာကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်း၍လည်းကောင်း၊ တပ်မတော်မှလည်း လိုအပ်သည့်စစ်ကူ၊ ပစ်ကူအင်အားများ ဖြည့်တင်းခြင်းအား ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ စတုတ္ထအပတ်မှ ၂၀၂၄ ဇန်နဝါရီလ တတိယအပတ်အထိလည်းကောင်း ပြင်ဆင်လေ့ကျင့်ခြင်းနှင့်လိုအပ်သည့် စုဖွဲ့မှုများကို ဆောင်ရွက်ခဲ့သည်။

ထိုကဲ့သို့ အင်အားစုဖွဲ့ပြီးနောက် တပ်မတော်စစ်ကူစစ်ကြောင်းများအနေဖြင့် ကောလင်းမြို့အတွင်းနှင့် အနီးပတ်ဝန်းကျင်ရှိ KIA အဖွဲ့နှင့် PDF  အမည်ခံ အကြမ်းဖက်သမားများ အား အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး (Counter– Terrorism Operation) ဆောင်ရွက်ရန်အတွက် ဇန်နဝါရီ ၂၇ ရက် တွင် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့သို့ ရောက်ရှိကြရာ မြို့မိ၊ မြို့ဖများ၊ ဒေသခံပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆိုအားပေးခဲ့ကြသည်။ ထိုမှတစ်ဆင့် တပ်မတော်စစ်ကြောင်းများသည် ကောလင်းနယ်မြေအတွင်းသို့ စနစ်တကျဖြင့် အဆင့်ဆင့်ခြေကုပ်ယူ၍ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများဖြင့် ချီတက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများနှင့် ထိတွေ့တိုက်ပွဲ ၁၈ ကြိမ် ဖြစ်ပွားခဲ့ပြီး ကောလင်းမြို့အား ယနေ့တွင် အပြီးတိုင်ပြန်လည်ထိန်းချုပ်ထားနိုင်ခဲ့သည်။

အကြမ်းဖက်သမားများအနေဖြင့် ကောလင်းမြို့အတွင်းသို့ ရောက်ရှိနေစဉ်အတွင်း ဘာသာရေးဆိုင်ရာ အဆောက်အဦများ၊ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာ အဆောက်အဦများ၊ လူနေအိမ်များတွင် တာယာကွင်းများ၊ သဲအိတ်များစီ၍ ဘန်ကာများဆောက်လုပ်ပြီး တပ်မတော်စစ်ကြောင်းများအား ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဘုန်းတော်ကြီးကျောင်းများ၊ လူနေအိမ်အဆောက်အဦများအကြားနှင့် အများပြည်သူ သွားလာအသုံးပြုသည့် ဆက်သွယ်ရေးလမ်းကြောင်းများပေါ်၌ မိုင်းထောင်ခြင်းများ၊ ဒေသခံပြည်သူများကို လူသားတံတိုင်းအဖြစ် အကာအကွယ်ရယူ၍ ပစ်ခတ်တိုက်ခိုက်ခြင်းများကို လုပ်ဆောင်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ထုတ်ပြန်ထားသည့် ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်း (Rules of Engagement-ROE) နှင့်အညီဆောင်ရွက်ခဲ့ရသည်။

လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ စနစ်တကျစုဖွဲ့၍ ချီတက်တိုက်ခိုက် ချေမှုန်းခဲ့မှုများကြောင့် အကြမ်းဖက်သမားများသည် လူနေအိမ်များနှင့် ဌာနဆိုင်ရာအဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းစသည့် အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်၍ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။

ထိတွေ့မှုများ ဖြစ်ပွားစဉ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ကျဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အကြမ်းဖက်သမားများထံမှ လက်နက်ကြီး၊ လက်နက်ငယ်များ၊ ခဲယမ်း၊ ဗုံးသီးများ၊ အကြမ်းဖက်သမားရုပ်အလောင်းအချို့နှင့် အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ရာတွင်အသုံးပြုသည့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။

မိုင်းရှင်းလင်းခြင်းလုပ်ငန်းများဆက်လက်ဆောင်ရွက်

KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များ ပြုလုပ်ခဲ့ခြင်းကြောင့် မြို့တွင်းရှိ အဆောက်အဦများစွာ ပျက်စီးဆုံးရှုံးခဲ့ရပြီး ၎င်းတို့ထောင်ထားခဲ့သည့်မိုင်းများကြောင့် အများပြည်သူများထိခိုက်ဒဏ်ရာရရှိမှု မရှိစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက မိုင်းရှင်းလင်းခြင်းလုပ်ငန်းများကို နေရာအလိုက်၊ လမ်းများအလိုက် စနစ်တကျ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

ပြန်လည်ထူထောင်ရေးလုပ်ငန်း စီမံဆောင်ရွက်လျက်ရှိ

လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ကောလင်းမြို့မှနေရပ်စွန့်ခွာ ဒေသခံပြည်သူများ ပြန်လည်ဝင်ရောက်နေထိုင်နိုင်ရေးနှင့် အကြမ်းဖက်သမားများကြောင့် ယိုယွင်းပျက်စီးခဲ့ရသည့် အပျက်အစီးများ ဖယ်ရှားရှင်းလင်းပေးခြင်း၊ မိုင်းရှင်းလင်းပေးခြင်းစသည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဒေသခံပြည်သူများနှင့်အတူ အမြန်ဆုံးဆက်လက်ဆောင်ရွက်ပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်