နေပြည်တော် ဖေဖော်ဝါရီ ၁၀
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးထွန်းအုံသည် ယနေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်း ဒေသကြီး မြိတ်ခရိုင် မြိတ်မြို့ရှိ စားသုံးသူရေးရာ ဦးစီးဌာနရုံး၌ စားသုံးသူရေးရာဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာန မြိတ်ကုန်သွယ်ရေးစခန်းတို့မှ တာဝန်ခံရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံ၍ ကုန်သွယ်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး၊ ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေး၊ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်း (MSMEs)များ၏ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးပူးပေါင်းဆောင်ရွက်ရန်နှင့် တရားမဝင်ကုန်သွယ်မှုများ ပပျောက်စေရေးအတွက် လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားကြရန် မှာကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြိတ်ခရိုင်ကျွန်းစုမြို့နယ်ကတန်ကျွန်းရှိ ပြည့်ဖြိုးထွန်း International Co., Ltd. မှ ခေတ်မီရေငန်ပုစွန်မွေးမြူနိုင်ရန်အတွက် အမှတ်(၄) ပုစွန်ကန်မွေး မြူရေးစီမံကိန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးကာ ပြည်တွင်းစားသုံးမှုဖူလုံစေရန်နှင့် နိုင်ငံခြားငွေရရှိမှု ပိုမိုတိုးတက်စေရန်၊ ပြည်ပသို့ပိုမိုတိုးမြှင့်တင်ပို့နိုင်ရန် အတွက်ပုစွန်များကိုပိုမိုတိုးချဲ့ မွေးမြူနိုင်ရေးဆောင်ရွက်ရန်၊ ခေတ်မီနည်းပညာများကို အသုံးပြုမွေးမြူရန်နှင့် လူသားအရင်းအမြစ်များ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရန်၊ ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများတိုးတက်စေရန်နှင့် လူမှုအကျိုးပြုလုပ်ငန်းများ ပိုမိုတိုးမြှင့် ဆောင်ရွက်ရန်တို့ကိုမှာကြားပြီး ပြည့်ဖြိုးထွန်းကုမ္ပဏီ၏ ကတ္တလူပုစွန်ကန်များကို သွားရောက်ကြည့်ရှုသည်။
အဆိုပါစီမံကိန်းဧရိယာသည် ၄၀၇ ဧကကျယ်ဝန်းပြီး ပုစွန်ကန်ပေါင်း ၇၆ ကန်ဖြင့်တစ်နှစ်လျှင် ပုစွန်တန်ချိန် ၆၀၀၀ ကျော် မွေးမြူထုတ်လုပ်နိုင်ရန် ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြိတ်မြို့ကလွင်ကျေးရွာရှိ ဖိုးလမင်းကုမ္ပဏီ၏ ရော်ဘာမှိုင်းခံစက်ရုံတွင် ရော်ဘာများကိုမှိုင်းခံ၍ ပြည်ပသို့တင်ပို့ရောင်းချမည့် ကုန်ချောအဆင့်အထိ ဆောင်ရွက်နေမှုလုပ်ငန်းစဉ် အဆင့်ဆင့်ကိုကြည့်ရှုပြီး ပြည်ပသို့စနစ်တကျတင်ပို့ရေး၊ ဒေသတွင်းတရားမဝင်တင်ပို့မှု မဖြစ်ပေါ်စေရေး၊ ပြည်ပစျေးကွက်များ ထိုးဖောက်ရှာဖွေရေး၊ သတ်မှတ်လျာထားချက်ထက် ပိုမိုတင်ပို့နိုင်ရေး၊ ပြည်တွင်းထုတ်လုပ်မှု ကုန်ကျစရိတ်လျှော့ချနိုင်ရေး နည်းလမ်းရှာဖွေ ဆောင်ရွက်ရန်တို့ကို မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မြိတ်မြို့ ကျွဲကူးကျောက်ဖျာအထူးဆိပ်ကျေးရွာသို့ရောက်ရှိပြီး ဖိုးလမင်းဆိပ်ခံတံတားတွင် ဖိုးလမင်းကုမ္ပဏီမှ ရော်ဘာကုန်ချောထုတ်ကုန် (Mixtures of Natural Rubber and Synthetic Rubber- SBR) မတ်ထရစ်တန် ၁၄၁၁ ဒသမ ၂၀ ကို “MV SMART LINE 003” ကုန်တင်ရေယာဉ်ဖြင့် မလေးရှားနိုင်ငံသို့တင်ပို့ရန် ဆောင်ရွက်နေမှုနှင့် ရော်ဘာသိုလှောင်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်