နေပြည်တော် ဖေဖော်ဝါရီ ၁၀
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဉာဏ်ထွန်းသည် ဒုတိယဝန်ကြီးဦးအေးကျော်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း ပေါင်းလောင်းဓာတ်အားပေးစက်ရုံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်နေမှု၊ ရေသိုလှောင်ထားရှိမှုအခြေအနေနှင့် ဒက္ခိဏသီရိမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ပစ္စည်းစီမံရေးဌာန(စတို)၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေ အနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ဝင်များသည် ဇေယျာသီရိမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း ပေါင်းလောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ ရောက်ရှိရာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းမှ တာဝန်ရှိသူများကဓာတ်အား ပေးစက်ရုံဆိုင်ရာ အချက်အလက်များ၊ လျှပ်စစ် ဓာတ်အားထုတ်လုပ်နေမှု၊ ဓာတ်အားပေးစက်များ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု၊ နှစ်အလိုက်ရေလှောင်တမံအတွင်းရေဝင်ရောက်မှု၊ ရေသိုလှောင်ထားရှိမှုနှင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်၍လျှပ်စစ်ဓာတ်အားများ ပို့လွှတ်ဖြန့်ဖြူးပေးနေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဓာတ်အား ပေးစက်နှစ်လုံးကို ပြင်ဆင်ပြီးဖြစ်ကြောင်း၊ လက်ရှိ တွင် ဓာတ်အားပေးစက်တစ်လုံး ပြင်ဆင်နေဆဲကာလများတွင် လျှပ်စစ်ဓာတ်အားများကို ပြည့်ဝစွာထုတ်လုပ်ဖြန့်ဖြူးနိုင်ရန်အတွက်စုဆောင်းထားရှိသည့်ရေများကို အကျိုးရှိစွာအသုံးပြုပြီး စက်စွမ်းအားပြည့်မောင်းနှင်လည်ပတ် ထုတ်လုပ်သွားရန် လိုအပ်ကြောင်း၊ စက်ရုံရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ဓာတ်အားပေးစက်များစဉ်ဆက်မပြတ် မောင်းနှင်လည်ပတ်ထုတ်လုပ်နိုင်ရေးအတွက် စက်များ၏ကြံ့ခိုင်ရေး ပုံမှန်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို စနစ်တကျစီမံချက်ရေးဆွဲ ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ပွင့်လင်းရာသီရောက်ရှိပြီဖြစ်၍ မီးဘေးအန္တရာယ်လုံခြုံရေးအဆင့် စီစဉ်ထားရန် လိုအပ်ကြောင်းမှာကြားပြီး ဝန်ထမ်းများအားချီးမြှင့်ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများပေးအပ်ကာ ဝန်ထမ်းများ၏တင်ပြချက်များအပေါ် လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည် ဓာတ်အားပေးစက်ရုံရှိ တာဘိုင်စက်ခန်းများ အတွင်း ဓာတ်အားပေးစက်များမောင်းနှင်၍ နိုင်ငံတော် ဓာတ်အားစနစ်သို့ ချိတ်ဆက်ပြီး လျှပ်စစ်ဓာတ်အားများ ပို့လွှတ်ဖြန့်ဖြူးပေးနေမှုနှင့် ဓာတ်အားပေးစက် အကြီးစားပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ သည် ပေါင်းလောင်းရေလှောင်တမံသို့ ရောက်ရှိရာ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများက ပေါင်းလောင်းတမံရေပိုလွှဲတွင် အလျား ၁၄၀ ဒသမ ၅ မီတာ၊ ၁ ဒသမ ၅ မီတာအမြင့် Hydraulic Elevator Dam (HED) တပ်ဆင်ခြင်းအား ဖြင့် မူလကန်ရေပြည့် ရေလှောင်ပမာဏ ၅ ဒသမ ၄၉ သိန်း ဧကပေမှ ၅ ဒသမ ၇၀ သိန်းဧကပေအထိ ရေလှောင်ပမာဏ ၂၁၀၀၀ ဧကပေခန့် ပိုမိုသိုလှောင် ပြီး လျှပ်စစ်ထုတ်လုပ်မှုယူနစ် တိုးတက်ထုတ်လုပ်နိုင် မည်ဖြစ်သဖြင့် လျှပ်စစ်ယူနစ် ရှစ်သန်းပိုမိုထုတ်လုပ်နိုင်မှု၊ ပေါင်းလောင်းရေလှောင်တမံနှင့် ရေပိုလွှဲကြံ့ခိုင်မှု၊ ပေါင်းလောင်းရေပိုလွှဲ HED တပ်ဆင်ခြင်းလုပ်ငန်း ကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပြီးစီး ရန် လျာထားဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက လိုအပ် သည်များ မှာကြားပြီး ရေလှောင်တမံအတွင်း ရေဝင်ရောက်မှု၊ ရေသိုလှောင်ထားရှိမှု၊ ရေယူအဆောက်အအုံ၊ ရေပိုလွှဲတွင် ရေပိုမိုစုဆောင်းနိုင်ရန် ဂိတ်တံခါးတပ်ဆင်ခြင်းလုပ်ငန်းပြီးစီးမှု ၊ တမံ၏ကြံ့ခိုင်မှုနှင့် ဝန်ထမ်းအိမ်ရာလိုင်းခန်းများကို ကြည့်ရှု စစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အဖွဲ့ဝင်များနှင့်အတူ ဒက္ခိဏသီရိမြို့နယ်ရှိ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း ပစ္စည်းစီမံရေးဌာန (စတို)သို့ရောက်ရှိပြီး စတိုအတွင်းထားသိုမှုများကို သတ်မှတ်ထားမှုအတိုင်းဆောင်ရွက်ရန်နှင့် စာရင်းရေးသွင်းမှုကို အမြဲတမ်း Update ဖြစ်နေရန်လိုအပ်ကြောင်း၊ အထက်မြန်မာပြည်တွင် အသုံးပြုမည့်မီတာများအတွက် မီတာစမ်းသပ်မှုများပြုလုပ်ရန် စမ်းသပ်ကိရိယာများ ရောက်ရှိနေပြီဖြစ်သည့်အတွက် လုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်နိုင်ရန် ပစ္စည်းလိုအပ်ချက်၊ လူလိုအပ်ချက်များတွက်ချက်၍ အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်ကြောင်းမှာကြားပြီး ပစ္စည်းစီမံရေးဌာန (စတို) အတွင်း ထိန်းသိမ်းထားရှိသည့် စီမံကိန်းလုပ်ငန်းများ၊ ဓာတ်အားခွဲရုံများနှင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး များအတွက် အသုံးပြုရန် စီမံကိန်းလုပ်ငန်းသုံးပစ္စည်း များဖြစ်သည့် ထရန်စဖော်မာများ၊ ဓာတ်အားလိုင်း နှင့် ဓာတ်အားခွဲရုံသုံးပစ္စည်းများနှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်ရန် လုပ်ငန်းသုံးပစ္စည်းများရောက်ရှိနေရာချထားမှုနှင့် နေပြည်တော်တွင်မီတာများ စမ်းသပ်စစ်ဆေးနိုင်ရန်အတွက် စက်ကိရိယာများ တပ်ဆင်ထားမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်