နေပြည်တော် ဖေဖော်ဝါရီ ၁၀
ဧရာဝတီတိုင်းဒေသကြီးမှ အငြိမ်းစားဝန်ထမ်းဟောင်းများ၊ ကြီးကြပ်သူများနှင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သင်တန်းသားသင်တန်းသူ စုစုပေါင်း ၁၄၇ ဦးတို့သည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင်တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအား လာရောက်ဖူးမြော် ကြည်ညိုကြသည်။
ဦးစွာ ရှင်းလင်းဆောင်၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဂေါပကအဖွဲ့နှင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ခြင်းနှင့် ထိန်းသိမ်းခြင်းလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ကျွမ်းကျင်ပညာရှင်များက မာရဝိဇယဘုရားကြီး တည်ထားကိုးကွယ်ပူဇော်ရခြင်း ရည်ရွယ်ချက်၊ ရုပ်ပွားတော်မြတ်ကြီးအား လုပ်ငန်းစဉ်အဆင့်ဆင့်ဖြင့် အောင်မြင်စွာတည်ထားပူဇော်နိုင်ခဲ့မှု၊ လက်ရှိထိန်းသိမ်းဆောင်ရွက်နေမှု၊ ခေတ်မီစက်ကိရိယာများ အသုံးပြု၍ ကျောက်စာရုံစေတီတော်များ တည်ထားဆောင်ရွက်ခဲ့မှုနှင့် သာသနာရေးဆိုင်ရာ အခမ်းအနားကြီးများ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့မှုအခြေအနေတို့ကို ရှင်းလင်းပြောကြားကြပြီး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာ တည်ထားပူဇော်နိုင်ရန် အဆင့်ဆင့်ဆောင်ရွက်ခဲ့မှုဗီဒီယိုမှတ်တမ်းကို ပြသ သည်။
ထို့နောက် အငြိမ်းစားဝန်ထမ်းဟောင်းများ၊ ကြီးကြပ်သူများနှင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သင်တန်းသားသင်တန်းသူများသည် ယခုကဲ့သို့ ရုပ်ပွားတော်မြတ်ကြီးအား အဆင်ပြေချောမွေ့စွာလာရောက် ဖူးမြော်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးမှုများနှင့် ရုပ်ပွားတော်မြတ်ကြီးတည် ဆောက်ပူဇော်ခဲ့မှုလုပ်ငန်းစဉ် အဆင့်ဆင့်ကို အသေးစိတ် ရှင်းလင်းပြောကြားပေးမှုများအပေါ် ကျေးဇူးတင်စကားများ ပြောကြားကြပြီး ရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာတည်ထားပူဇော်နိုင်ခဲ့မှု အခြေအနေနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကိုမေးမြန်းကြရာ တာဝန်ရှိသူများက အသေးစိတ်ပြန်လည်ရှင်းလင်းဖြေကြားသည်။
ဆက်လက်၍ ဘုရားဖူးအငြိမ်းစား ဝန်ထမ်းဟောင်းများ၊ ကြီးကြပ်သူများနှင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သင်တန်းသားသင်တန်းသူများသည် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုကြပြီး ဘုရားရင်ပြင် တော်ပတ်လည်၌ စကျင်ကျောက်များအသုံးပြု၍ တည်ဆောက်ထားသည့် ဂန္ဓကုဋိ၊ မော်ကွန်းတိုက်၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော် ပုံစံငယ်ပြသထားမှု၊ မှတ်တမ်းဓာတ်ပုံများ၊ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး၊ ကျောက်စာရုံစေတီတော်များနှင့် အခြားသာသနိက အဆောက်အအုံများကို ဖူးမြော်လေ့လာကြည်ညိုကြပြီး အလှူငွေများ ပေးအပ်လှူဒါန်းကြသည်။
ထို့အတူ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူ ဘုရားဖူးပြည်သူများ လာရောက်ဖူးမြော် ကြည်ညိုလျက်ရှိသည်။
ကျွန်တော်ကတော့ ဧရာဝတီတိုင်းဒေသကြီးကျုံပျော်ခရိုင် ရေကြည်မြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှဦးစီးနဲ့ ပင်စင်ယူထားတဲ့ဦးမြင့်စိုးဖြစ်ပါတယ်။ အကြီးအကဲတွေရဲ့လမ်းညွှန်မှုနဲ့ အငြိမ်းစားတွေအားလုံးကို ဒီတန်ခိုးကြီးဘုရားကြီးကို လာရောက်ဖူးမြော်ခွင့်ပြုနိုင်အောင် စီမံပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ တီဗွီထဲမှာ ကြည့်ကတည်းက ဒီဘုရားကြီးကို စတည်ကတည်းက ပီတိတွေဖြစ်တာပေါ့။ ကျွန်တော်တို့က ဗုဒ္ဓဘာသာနိုင်ငံဖြစ်တဲ့အတွက် ကျွန်တော် ကံ၊ ကံ၏အကျိုးကို ယုံတယ်။ အကြောင်းနဲ့အကျိုး ပဋ္ဌာန်းဆက်တွေကို လည်းယုံတယ်။ အခုခေတ်ဒီလိုမျိုးအချိန်မှာ ဒီလိုမျိုးထူးခြားတဲ့ စကျင်ကျောက်တုံးကြီးကို တွေ့ရှိတယ်။ ဒါကလည်းအကြောင်း တရားနဲ့ပဲတွေ့ကြတာ။ ယခုပူဇော်ထုဆစ်ထားတဲ့ ကျောက်တုံးက ကမ္ဘာမှာ တကယ့်အံ့ဖွယ် စကျင်ကျောက်တုံးကြီးကို ရရှိတယ်။ ရရှိပြီးတော့အလှူဒါကာကြီး ဦးဆောင်ပြီးတော့ ကျန်တဲ့အလှူရှင် အားလုံးရဲ့ စိတ်တိုင်းကျ မုနိပုံကိုလည်း ဖော်ပြီးတော့ ထုဆစ်နိုင်တာက တစ်ကြောင်း။ နောက်ပြီးတော့ ဒီမှာ ၂၅၅ ဧကရှိတဲ့ မြေကွက်တွေမှာပေါ့နော်။ လိုလေသေးမရှိအောင် သာသနိကပစ္စည်းတွေ၊ အဆောက်အအုံတွေ၊ ပန်းပင်တွေ၊ ရေကန်တွေ၊ ရေဖဝါးတွေနဲ့ အလှူဒါယကာကြီးနဲ့ အလှူရှင်များရဲ့လိုချင်တဲ့ပုံစံရအောင် ဖော်ထုတ်ပေးတဲ့တကယ့် မြန်မာနိုင်ငံ အင်ဂျင်နီယာတွေနဲ့၊ တပ်မတော်သား အင်ဂျင်နီယာအားလုံးကိုလည်း တကယ်လုံးဝချီးကျူးတယ်။ နိုင်ငံခြားအကူအညီမပါဘဲ မြန်မာနိုင်ငံမှာရှိတဲ့ ပညာရှင်တွေနဲ့ ထုဆစ်ပုံဖော်ထား တဲ့ ဘုရားကြီးကို လာရောက်ဖူးမြော်ကြပါလို့ မေတ္တာရပ်ခံလိုပါတယ်။
ကျွန်မကတော့ လျှပ်စစ်ဓာတ်အားထုတ်လွှတ်ရေးလုပ်ငန်း နမ်ချိုရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံက အငယ်တန်းအင်ဂျင်နီယာ (၂) လျှပ်စစ် ဒေါ်စုမြတ် ဖြူစင်ပဲဖြစ်ပါတယ်။ ဒီလိုမျိုးသင်တန်း သားတွေအားလုံး လာရောက်ဖူးမြော်ခွင့်ရအောင် လျှပ်စစ်ဝန်ကြီးဌာနကနေပြီးတော့ စီစဉ်ပေးတာပဲဖြစ်ပါတယ်။ ဒီလို ဝန်ကြီးဌာနက စီစဉ်ပြီးတော့ စနစ်တကျ သင်တန်းသားတွေ လာရောက်ဖူးမြော်ရ တဲ့အချိန်မှာဒီကနေပြီးတော့ Documen-tary နဲ့တကွအသေးစိတ်ရှင်းပြတဲ့အတွက် မသိတာတွေသိရပြီး တကယ်ကိုပဲ စနစ်တကျနဲ့ လာရောက်ဖူးမြော်ရတဲ့အတွက် ပီတိဖြစ်ရပါတယ်။ ဒီမှာလေ့လာ စရာတွေလည်း အများကြီးပါပဲ။ ဒီလိုမျိုးကိုယ်တိုင်လာရောက်ဖူးမြော်ရတာနဲ့ အပြင်မှာပုံတော်ကိုဖူးမြော်ရတာမတူဘူး။ အဲဒါကြောင့်မလို့ အနီနားကလူတွေရော၊ အဝေးကလူတွေရော ကိုယ်တိုင်လာရောက်ဖူးမြော်ဖို့အတွက် ဖိတ်ခေါ်ချင်ပါတယ်။ ဗုဒ္ဓဘာသာဝင်တစ်ဦး အနေနဲ့ ဒီဘုရားကြီးကို လာရောက်ဖူးမြော် ရတဲ့အတွက် အတိုင်းမသိဝမ်းသာမိပါတယ်။
ကျွန်မကတော့ ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် စီမံကိန်းရေးဆွဲရေး ဦးစီးဌာနကနေ ဒုတိယညွှန်ကြားရေးမှူးနဲ့ အငြိမ်းစားယူထားတဲ့ ဒေါ်တင်သိန်းဖြစ်ပါတယ်။ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားတွေကို မာရဝိဇယဘုရားဖူးခရီးစဉ်မှာ ပထမဆုံးပါဝင်ခွင့်ရတဲ့အတွက်အများကြီး ဂုဏ်ယူဝမ်းမြောက်သလို ကျေးဇူးလည်းတင်ပါတယ်။ ကျွန်မ ဒီဘုရားနဲ့ ပတ်သက်ပြီးတော့ ရင်ထဲကခံစားချက်လေးကို ပြောချင်ပါတယ်။ အဲတာဘာလဲဆိုတော့ ဘုရားပုံတော်ကြီး တိမ်တွေကြားထဲမှာလွင့်ပြီးတော့ အဲဒီပုံတော်ကို မြင်လိုက်တဲ့အချိန်မှာ မြဝတီတီဗွီထဲကမြင်တာပါ။ အဲလိုမြင်လိုက်တဲ့အချိန်မှာ ကျွန်မလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက အိပ်မက်ခဏခဏမက်ခဲ့တဲ့ ဘုရားပုံတော်ကြီးဖြစ်နေတာ။ အဲဒီလိုဘုရား ပုံတော်ကြီးဖြစ်နေတဲ့အခါကျတော့ဪ အိပ်မက်တဲ့ဘုရားကြီးကကိုယ့်ရှေ့မှာ ရှင်းရှင်းကြီးပေါ်နေပါ့လားဆိုပြီးတော့ အဲဒီအချိန်ကျမှ ကျွန်မကတီဗွီမှာ ကျောက်တုံးသယ်တာ ကနေစပြီးတော့ နေ့တိုင်းလွှင့်တဲ့ဟာကို ကြည့်ဖြစ်တယ်။ ကြည့်တဲ့အခါ အံ့မခန်းတွေဖြစ်ပြီးတော့ ကျောက်တုံးသယ်တာကနေပြီးတော့ ကျောက်တုံးကြီးကို တည့်မတ်တဲ့အထိ ဒီဂရီဘယ်လောက် တည့်သွားပြီ၊ ဒီနေ့ ကတော့ ဒီဂရီဘယ်လောက်တည့်သွားပြီ စသဖြင့်ပေါ့။ အဲဒါတွေကို အစအဆုံးကြည့်တယ်။ ကြည့်ပြီးတော့ နောက်ပိတ်ဆုံး အနေကဇာတင်ဘုရားပေါ့နော်။ ဒီစေတီကြီး နောက်ဆုံးအဆင့်ပွဲအထိကို တီဗွီမှာနေ့တိုင်းကြည့်တယ်။ အမြဲတမ်းကြည့်တယ်။ ဒီဘုရားကြီးကတကယ်ကို ဆုတောင်းပြည့်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်မ တီဗွီထဲမှာ လွှင့်သမျှ ဘုရားကို အမြဲတမ်းရှိခိုးအာရုံပြုပြီး ဒီဘုရားကြီးကို ကျွန်မကိုယ်တိုင်ကိုယ်ကျ တစ်နေ့မှာ ဖူးခွင့်ရပါစေလို့ တီဗွီထဲမှာပဲကြည့်ပြီးဆုတောင်းခဲ့တာ။ အခုလိုမျိုးဖူးခွင့်ရတဲ့အတွက် ဒီဘုရားနဲ့ ပတ်သက်ပြီးတော့ ပဋ္ဌာန်းဆက်ရှိသမျှ ပုဂ္ဂိုလ်အပေါင်းတို့ကလည်း နိုင်ငံတော်ရဲ့စီစဉ်ပေးမှုနဲ့ ဘုရားတည်ကတည်းက မြို့နယ်တွေပါမကျန်၊ ကျေးရွာတွေမှာမကျန် အလှူငွေတွေပါဝင်ခွင့်ရအောင် အစိုးရအဖွဲ့အသီးသီးက ဆောင်ရွက်ပေးခဲ့ပါတယ်။ ဒီဘုရားထဲမှာ လှည်းနေလှေ အောင်းမြင်းဇောင်းမကျန် ပါဝင်ခွင့်ရခဲ့ကြတယ်။ ဒါကြောင့်မလို့ အများပြည်သူလည်းဖူးမြော်စေချင်တယ်။ နောက်ပြီး ကျွန်မတို့လို ဝန်ထမ်းအငြိမ်းစားတွေ အနေနဲ့လည်း ကိုယ်ဘာသာကိုယ်လာဖူးဖို့ဆိုတာ တော်ရုံနဲ့မရောက်ဖြစ်ဘူး။ မဝေးသော်ငြားလည်း မရောက်ဖြစ်ဘူး။ အခုလိုစီစဉ်ပေးတဲ့အတွက် နိုင်ငံတော်အဆင့်အကြီးအကဲများ၊ ဧရာဝတီတိုင်းဒေသကြီးကဝန်ကြီးချုပ်နဲ့တကွ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ပုဂ္ဂိုလ်များအားလုံး ကို ကျေးဇူးတင်ပါတယ်။ နောက်ပြီးတော့ ဒီဘုရားကြီး ရေရှည်ထိန်းသိမ်းဖို့ အရှည်တည်တံ့ဖို့အနေနဲ့လည်း ကျွန်မတို့မြန်မာ နိုင်ငံသူ၊ မြန်မာနိုင်ငံသားတွေဟာ ဗုဒ္ဓ ဘာသာဝင်တွေဖြစ်တဲ့အတွက် ဥပမာ တစ်ခုပြမယ်ဆိုရင် ကျွန်မတို့ ဧရာဝတီ တိုင်းဒေသကြီးမှာရှိတဲ့ မြတ်မော်တင်စွန်း ဘုရားဟာဆိုရင် မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိစဉ်အခါကတည်းက ဆံတော်အစစ်ကို ဌာပနာထားတဲ့ဘုရား ဖြစ်ပါတယ်။ အဲဒါ မျက်မြင်ကြည့်ခြင်း အားဖြင့် ဟိုတုန်းကထက် တစ်ဆင့်နဲ့တစ်ဆင့်တိုးတက်ပြီးတော့ ပြောင်းလဲလာတဲ့ဘုရားကို မြင်ကြရမှာပါ။ ဒါကြောင့် မလို့ဒီမာရဝိဇယဘုရားကြီးဟာ ရှေ့အရှည်မှာ သာသနာတည်တံ့ရေးအတွက် အခုလိုပဲ နောင်လာနောက်သားတွေက လက်ဆင့်ကမ်းဆောင်ရွက်ပြီးတော့ တိုးတက်သထက်တိုးတက်၊ သာသနာပြန့်ပွားသထက် ပြန့်ပွား၊ကမ္ဘာတည်တဲ့အထိအောင်ရှိမယ်ဆိုတာ ကျွန်မယုံကြည်ပါတယ်လို့ ပြောကြားချင်ပါတယ်။ ဒါ ကျွန်မရင်ထဲကပီတိစကားပါ။
သတင်းစဉ်