Skip to main content

(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် MSME ထုတ်ကုန်ပြပွဲနှင့် ရိုးရာအစားအစာများ ခင်းကျင်းပြသရောင်းချပွဲတွင် ပါဝင်ဆင်နွှဲခဲ့ကြသူများ၏ ဝမ်းသာပီတိစကားသံများ

နေပြည်တော် ဖေဖော်ဝါရီ ၁၀

(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် MSME ထုတ်ကုန်ပြပွဲနှင့် ရိုးရာအစားအစာများ ခင်းကျင်းပြသရောင်းချပွဲကို နေပြည်တော်ဥပ္ပါတသန္တိ စေတီတော်အနီးရှိ တပေါင်းကွင်း၌ စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိရာ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်ထွက်ရှိသည့် ဒေသထွက်ကုန်များ၊ ရိုးရာအစားအသောက်များ၊ ဒေသန္တရထွက်ကုန်များကို အခြေခံ၍ တန်ဖိုးမြင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်နိုင်သည့် စက်ယန္တရားနှင့် နည်းပညာများကို အနယ်နယ်အရပ်ရပ်မှ ပြည်သူများ စိတ်အားထက်သန်စွာဖြင့် လာရောက်ကြည့်ရှုလေ့လာလျက် ရှိကြသည်။

ထို့ကြောင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် ခင်းကျင်းပြသရောင်းချနေကြသည့် တိုင်းရင်းသားများ၊ လာရောက်လေ့လာကြသည့် ပြည်သူများနှင့်တွေ့ဆုံ၍ ပွဲတော်အတွင်း ပါဝင် ဆင်နွှဲရသည့် ရင်တွင်းပီတိစကားသံများကို တွေ့ဆုံမေးမြန်း ရေးသားလိုက်ရပါသည်။

ဦးစန်းကို (တိုင်းရင်းသားရေးရာဝန်ကြီး၊ ကရင်ပြည်နယ်အစိုးရအဖွဲ့)

ကျွန်တော်တို့ပြခန်းမှာ အသေးစား၊ အငယ်စား၊ အလတ်စားကရင်ပြည်နယ်ထွက် ထုတ်ကုန်တွေနဲ့ တခြားဒေသ ထွက်ကုန်တွေကို ပြသနေခြင်းဖြစ်ပါတယ်။ ကရင်ရိုးရာ လက်မှုအထည်၊ ဝါးလက်မှုအထည်၊ သဘာဝဓာတ်မြေဩဇာ၊ တွင်းထွက်ပစ္စည်းများနဲ့ လက်တွန်းထွန် စက်တွေပါဝင်ပါတယ်။ MSME လုပ်ငန်း တွေအနေနဲ့လည်းဒေသထွက်တစ်ပိုင် တစ်နိုင်လုပ်ငန်းလေးတွေပါဝင်ပါတယ်။ အခုလိုပြသခြင်းအားဖြင့် ဒေသထွက်ကုန် တစ်ခုနဲ့တစ်ခုဖလှယ်ပြီး ရောင်းအားတွေလည်း မြှင့်တင်နိုင်မှာဖြစ်ပါတယ်။ တစ်နည်းအားဖြင့် တိုင်းရင်းသားညီအစ်ကို တွေဆုံစည်းတဲ့ပွဲလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ပြခန်းကို လာရောက်လေ့လာကြတဲ့ ပြည်သူတွေသိရှိလိုတာကိုလည်း သေချာလေးရှင်းပြပေးပါ တယ်။ ပြည်သူတွေအနေနဲ့လည်း ကျွန်တော်တို့ ရိုးရာယဉ်ကျေးမှုပစ္စည်းတွေကို လေ့လာကြသလို ရိုးရာအစားအစာတွေဖြစ်တဲ့ ကရင်ခေါင်ရည်၊ ကရင်မုန့်ဟင်းခါးနဲ့ ဒေသထွက်အစားအစာတွေကို အမြတ်တနိုးနဲ့လာရောက် စားသုံးကြတာကိုလည်း တွေ့မြင်ရပါတယ်။ ပြည်သူတွေအားလုံးလည်း လာရောက်လေ့လာကြဖို့ ဖိတ်ခေါ် ပါတယ်။

ဦးနိုင်ထွန်းလှိုင် (ကချင်ပြည်နယ်ပြခန်းတည်ဆောက်ရေးတာဝန်ခံ)

ကျွန်တော်တို့ ပြခန်းမှာ ဒေသထွက်ကုန်တွေဖြစ်တဲ့ ပြောင်း၊ ပဲ၊ တစ်သျှူး ငှက်ပျော၊ ကျောက်စိမ်း၊ ပယင်း၊ ရိုးရာအထည်နဲ့ တိုင်းရင်းဆေးတွေ ခင်းကျင်းပြသထားပါတယ်။ ကျွန်တော်တို့ဒေသမှာလည်း MSME ကဏ္ဍဖွံ့ဖြိုးတိုးတက် ဖို့အတွက်ဆောင်ရွက်နေပါတယ်။ အခုလို ပြပွဲပြုလုပ်ပေးခြင်းအားဖြင့် ကျွန်တော်တို့ဒေသရဲ့ MSME ကဏ္ဍ ဆောင်ရွက်ချက်တွေကို ပြည်သူတွေသိရှိအောင် ပြသခွင့်ရပါတယ်။ ပြည်သူတွေအနေနဲ့လည်း ဘယ်သီးနှံ၊ ဘယ် အပင်တွေက နိုင်ငံ့ဝင်ငွေရရှိစေသလဲဆိုတာ သိရှိခွင့်ရသွားပါတယ်။ နောက်ပြီး ကျွန်တော်တို့ပြခန်းကို လာရောက်လေ့လာကြသူတွေ အနေနဲ့လည်း ကချင်ပြည်နယ် ဒေသထွက်ကုန်တွေနဲ့ပတ်သက်ပြီး တော်တော်လေးဗဟုသုတရရှိသွားကြမယ်လို့ ယုံကြည်ပါတယ်။ ပြည်သူတွေအနေနဲ့လည်း စိတ်ဝင်တစားနဲ့ လာရောက်လေ့လာကြတဲ့အတွက် ဝမ်းသာပါတယ်။ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပတဲ့ ဒီပွဲတော်မှာ ကချင်ပြည်နယ်ရဲ့ ဒေသထွက်ကုန်တွေကို စုံလင်စွာ ခင်းကျင်းပြသထားပါတယ်။ လာရောက် ကြည့်ရှုလေ့လာကြပါလို့ ဖိတ်ခေါ်လို ပါတယ်။

ဦးမြင့်ဝင်း (တာဝန်ခံ၊ Super Seven Stars Industrial Development ကုမ္ပဏီလီမိတက်ပြခန်း)

ကျွန်တော်တို့ပြခန်းမှာ နိုင်ငံပေါင်းကိုးနိုင်ငံ၊ ကုမ္ပဏီပေါင်း ၄၂ ခုနဲ့ ကုန်ပစ္စည်းအမျိုးပေါင်း ၂၁၆ မျိုး ခင်းကျင်းပြသထားပါတယ်။ ဒီပြခန်းမှာ မြန်မာနိုင်ငံအတွင်း နေရာဒေသအသီးသီးမှာရှိတဲ့ ဒေသန္တရထွက်ကုန်တွေကိုအခြေခံပြီး တန်ဖိုးမြင့်ထုတ်ကုန်တွေအဖြစ် ထုတ်လုပ်တဲ့စက်ယန္တရား၊ နည်းပညာများကို အဓိကပြသထားပါတယ်။ ပြသရတဲ့ရည်ရွယ်ချက်ကတော့ ဒေသန္တရထွက်ကုန်တွေကိုအခြေခံပြီး တန်ဖိုးမြင့်ထုတ်ကုန်တွေအဖြစ် ထုတ်လုပ်တဲ့အခါမှာ နိုင်ငံတကာကို တင်သွင်းနိုင်တဲ့အဆင့်အထိ ထုတ်လုပ်မှာဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာရှိတဲ့ စက်မှုကဏ္ဍအမြန်ဆုံးတိုးတက်မြင့်မားစေချင်တဲ့အတွက် ဒီပြခန်းကို ပြသရခြင်းဖြစ်ပါတယ်။ နောက်ပြီး ပြည်ပကနေမှာယူတင်သွင်းရတဲ့ Import တွေကို လျှော့ချမယ်။ ပြည်တွင်းထုတ်ကုန်တွေကို နိုင်ငံတကာကိုတင်ပို့နိုင်တဲ့အဆင့်အထိ ဆောင်ရွက်ပြီး နိုင်ငံခြားငွေကို ရှာနိုင်မယ်ဆိုရင် စားသုံးသူတွေအတွက် ပိုမို အဆင်ပြေလာမယ်လို့ မျှော်လင့်ပါတယ်။ လုပ်ငန်းရှင်တွေနဲ့ လုပ်ငန်းလုပ်ကိုင်ဖို့ရည်ရွယ်နေတဲ့သူတွေအားလုံး အဆင်ပြေစွာဆောင်ရွက်နိုင်ဖို့ ကျွန်တော်တို့ပြခန်းကို လာရောက်လေ့လာစေချင်ပါတယ်။ ကျွန်တော်တို့သိရှိထားတဲ့ နည်းပညာတွေကို မျှဝေပေးသွားပါမယ်။ ပွဲတော်ကိုလာရောက်ကြတဲ့ ပြည်သူတွလည်းစိတ်ဝင်တစားနဲ့ လာရောက်ကြည့်ရှုကြပါတယ်။ အားလုံးလာရောက် လေ့လာစေချင်ပါတယ်။

ဒေါ်လဲ့လဲ့ဝင်း (ပွဲတော်သို့ လာရောက်ပါဝင်ဆင်နွှဲသူ)

ကျွန်မက ဧရာဝတီတိုင်းသူဖြစ်တဲ့အတွက် ဧရာဝတီတိုင်းဒေသကြီးပြခန်းကို ပထမဆုံးသွားရောက်လေ့လာဖြစ်ပါတယ်။ အခုတော့ တိုင်းဒေသကြီးနဲ့ပြည်နယ်ပြခန်းတွေကို လေ့လာပြီးပါပြီ။ ဒီလိုပွဲကြီး ကျင်းပပေးတဲ့အတွက် အားရကျေနပ်မိပါတယ်။ ဒီလိုပြပွဲကြီးမှာ ကိုယ့်ဒေသကထွက်တဲ့ ပစ္စည်းတွေတင်မဟုတ်ဘဲ အခြားတိုင်းဒေသကြီး၊ ပြည်နယ်တွေကထွက်ရှိတဲ့ အစားအစာတွေ၊ လူသုံးကုန်ပစ္စည်းတွေကို လေ့လာဝယ်ယူခွင့်ရရှိပါတယ်။ ဒေသန္တရဗဟုသုတတွေလည်းရရှိသလို ကိုယ်မမြင်ဖူးတဲ့ဒေသထွက်ကုန်တွေကို မြင်ဖူးသွားပါတယ်။ ကိုယ်နေတဲ့ဒေသမှာမရနိုင်တဲ့ အစားအသောက်ကို ဝယ်ယူခွင့်ရရှိတဲ့အတွက် လူတိုင်းအကျိုးရှိစေတဲ့ ပြပွဲကြီးတစ်ပွဲလို့မြင်မိပါတယ်။ ဒါကြောင့် ရပ်နီးရပ်ဝေးက မိတ်ဆွေတွေကိုတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာထွက်ရှိတဲ့ ဒေသထွက်ကုန်တွေကို တစ်နေရာတည်းမှာလေ့လာချင်တယ်၊ ဝယ်ယူချင်တယ် ဆိုရင်တော့ ဒီ MSME အရောင်းပြခန်းကို အရောက်လှမ်းလာခဲ့ကြပါလို့ ဖိတ်ခေါ်ချင်ပါတယ်။

မခင်နှင်းမှုန် (ပွဲတော်သို့ လာရောက်ပါဝင်ဆင်နွှဲသူ)

ကျွန်မက MSME အရောင်းပြခန်းတွေကို စိတ်ဝင်စားလို့ ပျဉ်းမနားမြို့နယ်က လာရောက်လေ့လာတာဖြစ်ပါတယ်။ တိုင်းဒေသကြီးနဲ့ပြည်နယ် ပြခန်းအချို့ လေ့လာပြီးပါပြီ။ ပြခန်းတိုင်းကကိုယ့်ဒေသထွက်ကုန် အမျိုးမျိုးနဲ့ဆိုတော့ မမြင်ဖူးတဲ့ထွက်ကုန်တွေ၊ စက်ယန္တရားတွေ၊ ရိုးရာအဝတ်အထည်တွေနဲ့ စိတ်ဝင်စားဖွယ်ရာတွေ အပြည့်ဖြစ်နေပါတယ်။ နှစ်ဘီး၊ သုံးဘီးဆိုင်ကယ်တွေနဲ့ လျှပ်စစ်မော်တော်ကားတွေပါ လေ့လာခွင့်ရခဲ့ပါတယ်။ ဒီလိုပြပွဲကြီးကို လေ့လာခွင့်ရတဲ့အတွက် အကျိုးကျေးဇူးတွေ အများကြီးရစေပါတယ်။ တိုင်းဒေသ ကြီးနဲ့ ပြည်နယ်တွေရဲ့ ဒေသထွက်ကုန်တွေကို တစ်နေရာတည်းမှာ တစ်စုတစ်စည်းတည်း ဝယ်ယူလေ့လာခွင့်ရတဲ့ အပြင်ဒေသထွက် ရိုးရာအစားအစာတွေကိုပါ စားသုံးရတဲ့အတွက် အဲဒီတိုင်းဒေသကြီးနဲ့ပြည်နယ်တွေကို ရောက်ရှိသွားသလိုခံစားရပါတယ်။ အဲဒါကြောင့် ဖေဖော်ဝါရီ ၁၀ ရက်ကနေ ၁၄ ရက် အထိ ကျင်းပသွားမှာဖြစ်တဲ့အတွက် လာရောက်လေ့လာ ဝယ်ယူကြပါလို့ ဖိတ်ခေါ်ချင်ပါတယ်။

တွေ့ဆုံမေးမြန်း - အောင်ရဲသွင်၊ အေးအေးသန့်

ဓာတ်ပုံ - ကိုကြီးထိန်