Skip to main content

(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် MSME ထုတ်ကုန်ပြပွဲနှင့် ရိုးရာအစားအစာများ ခင်းကျင်းပြသရောင်းချပွဲသို့ အများပြည်သူများ စိတ်ပါဝင်စားစွာဖြင့် တစ်ခဲနက်ပါဝင်ဆင်နွှဲ

နေပြည်တော် ဖေဖော်ဝါရီ ၁၀

(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်း အမှတ် MSME ထုတ်ကုန်ပြပွဲနှင့် ရိုးရာ အစားအစာများ ခင်းကျင်းပြသရောင်းချပွဲကို ယနေ့နံနက်ပိုင်းမှစတင်၍ နေပြည်တော် ဥပ္ပါတသန္တိစေတီတော်အနီးရှိ တပေါင်းကွင်း၌ကျင်းပရာ ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်များ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့်မိသားစုများ၊ ပြည်သူများစိတ်ပါဝင်စားစွာဖြင့် တစ်ခဲနက် လာရောက်လေ့လာကြည့်ရှုဝယ်ယူကြသဖြင့် အထူးစည်ကားလျက်ရှိသည်။

ပြည်သူများလေ့လာကြည့်ရှု

အဆိုပါပွဲတော်သို့ လာရောက်ကြသည့်ပြည်သူများကို သက်ဆိုင်ရာတိုင်းရင်းသားရိုးရာ ပြခန်းများအလိုက် ခင်းကျင်းပြသရောင်းချပေးနေကြသည့် တိုင်းရင်းသားအဖွဲ့များက ရင်းနှီးနွေးထွေး စွာ ကြိဆိုကြပြီး ရိုးရာယဉ်ကျေးမှုဆိုင်ရာဗဟုသုတများ၊ ဒေသန္တရ ဗဟုသုတများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်အထင်ကရနေရာများ၊ ဒေသတွင်းလူမှုစီပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ချက်များနှင့် ဒေသအလိုက် ရိုးရာအစားအစာများ၊ MSME ထုတ်ကုန်များအကြောင်းကို နွေးထွေးပျူငှာစွာရှင်းလင်းပြသပေးကြရာ ကျောင်းသား၊ လူငယ်များ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် မိသားစုများ၊ ပြည်သူများ စိတ်အားထက်သန်စွာ လေ့လာကြည့်ရှုကြပြီး တိုင်းရင်းသားအဖွဲ့များဖြင့် ဂုဏ်ယူစွာအမှတ်တရဓာတ်ပုံ ရိုက်ကြသူများဖြင့်လည်း စည်ကားလျက် ရှိသည်ကို တွေ့ရသည်။

ထို့ပြင် နေပြည်တော်ကောင်စီ အပါအဝင်တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ MSME ထုတ်ကုန်များနှင့် ရိုးရာအစားအစာပြခန်းအသီးသီး၌လည်း ဒေသအလိုက်ထွက်ရှိသည့် ရိုးရာအစား အစာများ၊ ဒေသထွက် MSME ကုန်ထုတ် လုပ်ငန်းများ၊ One Region One Product ထုတ်ကုန်များအပါအဝင် ပြည်ပသို့တင်ပို့ ရောင်းချနေသည့် MSME ထုတ်ကုန်များ အကြောင်းကို ပွဲတော်လာပြည်သူများ ဗဟုသုတအဖြစ် သိရှိနိုင်ရေးအတွက် အသေးစိတ်ခင်းကျင်းပြသထားသည်ကိုလည်း တွေ့မြင်ရသည်။

ဖျော်ဖြေတင်ဆက်ပေး

အဆိုပါပြခန်းများ၌လည်း မိမိတို့တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ရိုးရာယဉ်ကျေးမှုအကအလှများ၊ ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်များကို ပေါ်လွင်စေသည့် သီချင်းများနှင့် မျိုးချစ်စိတ်နှင့်ဇာတိမာန်ကို တက်ကြွစေမည့်သီချင်းများ ဖွင့်လှစ်ဖျော်ဖြေတင်ဆက်ပေးကြရာ ပွဲတော်လာပြည်သူများအနေဖြင့် တောင်ပေါ်မြေပြန့် မခွဲခြားဘဲစည်းလုံးညီညွတ်သည့်သွေးချင်းညီအစ်ကိုစိတ်ဓာတ်များ ခံစားရရှိစေခဲ့ပြီး ပြည်ထောင်စု၏ အနှစ်သာရကိုလည်း ပိုမိုပေါ်လွင်စေခဲ့သည်။

ဈေးနှုန်းချိုသာစွာ ရောင်းချပေး

အလားတူ နေပြည်တော်ကောင်စီ အပါအဝင်တိုင်းဒေသကြီးနှင့် ပြည်နယ်များမှထွက်ရှိသည့် MSME ထုတ်ကုန်များနှင့် ရိုးရာအစားအစာများ၊ တိုင်းရင်းသား ရိုးရာအမှတ်တရပစ္စည်းများ၊ ရိုးရာဝတ်စုံများကို ပြည်သူများ စိတ်ကြိုက်ဝယ်ယူနိုင် ရန်အတွက် ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိပြီး ချစ်ခင်နှစ်သက်မြတ်နိုးစွာဖြင့် ဝယ်ယူကြသူများဖြင့်လည်း စည်ကားလျက်ရှိရာ ဒေသအလိုက်ဆောင်ရွက်နေသည့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အားပေးမြှင့်တင်ပေးရာရောက်သည့် မြင်ကွင်းတစ်ခုလည်းဖြစ်သည်။

ပျော်ရွှင်စွာပါဝင်ဆင်နွှဲ

ညပိုင်းတွင် ဖျော်ဖြေရေးအစီအစဉ်များအဖြစ် တိုင်းကျိုးပြည်ပြုတေးသီချင်းများ၊ ခေတ်ပေါ်တေးသီချင်းများ၊ မျိုးချစ်စိတ်နှင့် ဇာတိမာန်တက်ကြွစေမည့် တေးသီချင်းများဖြင့် လည်းကောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တိုင်းရင်းသားရိုးရာယိမ်းအဖွဲ့များက ရိုးရာတေးသီချင်းများကို အကအလှများပေါင်းစပ်၍လည်းကောင်း မြူးကြွပျော်ရွှင်စွာဖြင့် ဖျော်ဖြေကြရာ ပြည်သူများပျော်ရွှင်စွာဖြင့် တစ်ခဲနက် ပါဝင်ဆင်နွှဲကြသည်။

ဆေးပေးခန်းများဖွင့်ထား

ထို့ပြင် ရောင်းချပွဲသို့ လာရောက်လေ့လာကြည့်ရှုဝယ်ယူကြသည့် အများပြည်သူများ အန္တရာယ်တစ်စုံတစ်ရာ မဖြစ်ပေါ်စေရန်အတွက် တာဝန်ရှိသူများ က စနစ်တကျလုံခြုံရေး စစ်ဆေးဆောင်ရွက်ပေးခြင်း၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်မျာကလည်း ယာဉ်အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရန်အတွက် ပွဲတော်သို့လာသည့်လမ်းများ၌ ကြီးကြပ်ဆောင်ရွက်ပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများပေးနိုင်ရန်အတွက်လည်း ကျန်းမာရေးဆေးပေးခန်းများ ဖွင့်လှစ်ထားရှိသည်ကိုလည်း တွေ့ရှိရသည်။

အဆိုပါ ပွဲတော်ကို နေပြည်တော် ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ MSME တန်ဖိုးမြင့် ထုတ်ကုန်များ၊ ပြည်ပပို့ကုန်များအပါအဝင် One Region One Product ထုတ်ကုန်များနှင့် ဒေသထုတ်ကုန်များကို ပြည်ပသို့တင်ပို့နိုင်ရေးနှင့် ဈေးကွက်ရရှိရေးအတွက် တိုင်းရင်းသားလုပ်ငန်းရှင်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်၊ အရည်အသွေးမြင့်ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ ပြည်ပပို့ကုန်ရရှိရေးအတွက် နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားလုပ်ငန်းရှင်များတွေ့ဆုံ၍ သတင်းအချက်အလက်များ ဖလှယ်ရယူနိုင်ရေးနှင့် ပေါင်းစပ်ညှိနှိုင်းနိုင်ရေးဆောင်ရွက်ရန်၊ အမျိုးဂုဏ်ဇာတိဂုဏ် တိုးတက်မြင့်မားစေရေးကို အထောက်အကူဖြစ်စေပြီး သက်ဆိုင်ရာဒေသအလိုက် ယဉ်ကျေးမှုအမွေအနှစ်များကို ဖော်ထုတ်ပြသနိုင်သည့် ဒေသထွက်ရိုးရာလက်မှုပညာပစ္စည်းများကိုလည်း ခင်းကျင်းပြသနိုင်ရေးဆောင်ရွက်ရန်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှထုတ်လုပ်ဖြန့်ဖြူးရောင်းချသော ဒေသထွက်ရိုးရာအစား အစာများကို ပြည်ထောင်စု၏အနှစ်သာရပြည့်စုံစွာဖြင့် တိုင်းရင်းသားပြည်သူလူထုသို့ ထုတ်လုပ်ရောင်းချနိုင်ရေး ဆောင်ရွက် ရန် ရည်ရွယ်၍ MSME ထုတ်ကုန်အရောင်း ပြခန်း ၃၄ ခန်း၊ ရိုးရာအစားအစာပြခန်း ၁၉ ခန်းတို့ဖြင့် ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၄ ရက်အထိ ခင်းကျင်းပြသရောင်းချသွားမည်ဖြစ်သည့်အတွက် မိဘပြည်သူများ (အခမဲ့) လာရောက်လေ့လာဝယ်ယူနိုင်ကြောင်း သိရသည်။

သတင်း- အောင်ရဲသွင်၊ အေးအေးသန့်

ဓာတ်ပုံ - ကိုကြီးထိန်