Skip to main content

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်တွင် ရေယာဉ်ရှစ်စင်း လုပ်ငန်းခွင်စတင်ဝင်ရောက်ခြင်းအခမ်းအနား ကျင်းပ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်တွင် ၆၀ မီတာ ဘက်စုံသုံး ဗော်ယာ မ/ချ ရေယာဉ် (60M Multipurpose Buoy Handling Vessel) ("ဂန္ဓ"ရေယာဉ်) (၁) စီး၊ မြေတူးမြေခံရေယာဉ် (၂) စုံနှင့် ဆိပ်ကမ်းလုပ်ငန်းသုံး ရေယာဉ် (Habour Launch) (၃) စီး၊ စုစုပေါင်း ရေယာဉ် (၈) စီး လုပ်ငန်းခွင် စတင်ဝင်ရောက်ခြင်း အခမ်းအနားကို ဖေဖော်ဝါရီ ၁၀ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်း ကျန်းမာရေး ဆိပ်ခံ တံတား၌ ကျင်းပပြုလုပ်သည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ၊ ရန်ကုန်မြို့တော်ဝန်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနရှိ ဌာန၊အဖွဲ့အစည်းများမှ ဌာနအကြီးအမှူးများနှင့် ဖိတ်ကြားထား သူများ တက်ရောက်ကြသည်။

အခမ်းအနား၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီး မြထွန်းဦးက အမှာစကားပြောကြားရာတွင် ယနေ့သည် မိမိတို့ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ဆောင်ရွက်လျက်ရှိသော ဆိပ်ကမ်းဝန်ဆောင်မှုလုပ်ငန်းများတွင် ပိုမိုဘေးကင်းလုံခြုံသည့် ဝန်ဆောင်မှုကောင်းများ ပေးနိုင်ရန်အားသစ်လောင်းသည့် နေ့တစ်နေ့ဖြစ်ပါကြောင်း။ ပင်လယ်ရေကြောင်းပို့ဆောင်ရေးကဏ္ဍသည် နိုင်ငံ၏အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုအခန်းကဏ္ဍနှင့် တိုက်ရိုက်ချိတ်ဆက်မှုရှိနေပြီး နိုင်ငံ့လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် လွန်စွာအရေးပါကြောင်းကို တွေ့ရမည်ဖြစ်ပါကြောင်း၊ ကုန်သွယ်မှုနည်းလမ်းများအနက် ပင်လယ်ရေကြောင်းဖြင့် ကုန်သွယ်မှုသည် ကမ္ဘာ့ကုန်သွယ်မှုတန်ဖိုး၏ ၇၀% နှင့် ကမ္ဘာ့ကုန်သွယ်မှု ပမာဏ၏ ၈၀% ရှိကြောင်းကို United Nation Conference on Trade and Development (UNCTAD)က နှစ်စဉ်ထုတ်ပြန်သည့် Review of Maritime Transport အရ သိရှိရပါကြောင်း၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ ဆိပ်ကမ်းလုပ်ငန်းများနှင့် ရေကြောင်းပြလုပ်ငန်းများတွင် ပိုမိုကောင်းမွန်သည့်ဝန်ဆောင်မှုများ ပေးနိုင်စေရေးအတွက် ခေတ်မီရေယာဉ် အသစ် (၈) စီးကို စုစုပေါင်းအမေရိကန်ဒေါ်လာ ၂၀.၆၇သန်း အကုန်အကျခံကာတည်ဆောက်၍ ရေယာဉ်အင်အား ဖြည့်တင်းဆောင်ရွက်စေခဲ့ခြင်းဖြစ်ပါကြောင်း၊ ဆိပ်ကမ်းလုပ်ငန်းကဏ္ဍတွင် Stakeholder များဖြစ်ကြသော မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် ပုဂ္ဂလိကဆိပ်ကမ်းတံတားများက မိမိတို့၏ဝန်ဆောင်မှုစနစ်နှင့် စွမ်းဆောင်ရည်ကို နိုင်ငံတကာကုန်သွယ်မှုအတွက် လိုအပ်ချက်စံချိန်စံညွှန်းများနှင့် လိုက်လျောညီထွေ အဆင်သင့်ဖြစ်စေရန် အဆင့်မြှင့်တင်ခြင်း၊ စဉ်ဆက်မပြတ်ပြောင်းလဲ တိုးတက်နေသည့် နည်းပညာနှင့်စက်ကိရိယာများကို တပ်ဆင်အသုံးချခြင်း၊ ဒေသတွင်းခေတ်မီဆိပ်ကမ်းများနည်းတူ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းခြင်း (Digital Transformation) နည်းလမ်းဖြင့် Electronic Port(e-Port) အဆင့်မှသည် Smart Port အဆင့်သို့ တက်လှမ်းနိုင်စေရေးအတွက် နိုင်ငံတော်နှင့်ဝန်ကြီးဌာန၏ ဦးဆောင်ပံ့ပိုးမှုများနှင့်အတူ အားလုံးဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက်သွားရန် ပြောကြားပါသည်။

ထို့နောက် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ဦးဆောင်ညွှန်ကြားရေးမှူးက ဆိပ်ကမ်းလုပ်ငန်းကဏ္ဍ၏ ဖြစ်ပေါ်တိုးတက်မှုများနှင့် ရေယာဉ် (၈) စီး၏ အချက်အလက်များကို ရှင်းလင်းတင်ပြပြီး ရေယာဉ်(၈)စီး တည်ဆောက်ခြင်းဆိုင်ရာ ဗီဒီယိုမှတ်တမ်းကိုပြသ၍ ပြည်ထောင်စုဝန်ကြီးထံ အခမ်းအနား အမှတ်တရ လက်ဆောင်အဖြစ် "ဂန္ဓ"ရေယာဉ်၏ ပုံစံငယ်ကို ပေးအပ်ခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လုပ်ငန်းခွင်စတင်ဝင်ရောက်မည့် ရေယာဉ်(၈)စီးတို့ကို "ဂန္ဓ"ရေယာဉ် Main Deck ပေါ်မှ တစ်ပြိုင်နက် ဖဲကြိုးဖြတ်၍ ဖွင့်လှစ် ပေးခဲ့ပြီး ရေယာဉ်များပေါ်သို့ လှည့်လည်ကြည့်ရှုကာ ဆိပ်ခံတံတားပေါ်ရှိ ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ စက်မှုအင်ဂျင်နီယာဌာန၊ သိမ်ဖြူသင်္ဘောကျင်း၊ စုပေါင်းခန်းမသို့ နံနက် ၁၁၀၀ နာရီတွင်ရောက်ရှိရာ ဦးဆောင်ညွှန်ကြားရေးမှူးက သိမ်ဖြူသင်္ဘောကျင်း၏ သမိုင်းအကျဉ်း၊ သင်္ဘောလွန်းကျင်းများ၏ လက်ရှိအခြေအနေ၊ ရေကြောင်းဗော်ယာများနှင့် ကုန်ကိုင်တွယ်စက်ကိရိယာများ ပြုပြင်ခြင်း၊ ဌာနပိုင်ရေယာဉ်များကို ပုဂ္ဂလိကနှင့်ပူးပေါင်း၍ တည်ဆောက်ပြုပြင်ထိန်းသိမ်းပေးနိုင်မှုနှင့် ဌာနနှင့်နိုင်ငံတော်အတွက် ဝင်ငွေတိုးတက်ရှာဖွေပေးနိုင်ရေးအတွက် လွန်းကျင်းများနှင့် အလုပ်ရုံများကို ပုဂ္ဂလိကနှင့် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများနှင့် အင်ဂျင်နီယာချုပ် (စက်မှု)က စက်မှုအင်ဂျင်နီယာဌာနလက်အောက်ရှိ သိမ်ဖြူသင်္ဘောကျင်း၊ အံ့ကြီးသင်္ဘောကျင်းနှင့် စက်ဆန်းသင်္ဘောကျင်းတို့၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ ဝင်ငွေတိုးတက် ရရှိရေး ဆက်လက်ဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအား နိုင်ငံ့ဝန်ထမ်းများဖြစ်ကြသဖြင့် နိုင်ငံတော်အပေါ်သစ္စာရှိရန်နှင့် ဝန်ထမ်းကျင့်ဝတ်ကို အလေးထားလိုက်နာကြရန်၊ ဌာန၏ ရည်မှန်းချက် လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ရာမှာ အပြည့်အဝ အောင်မြင်မှု ရရှိရေးအတွက် ပုဂ္ဂလိကအခန်းကဏ္ဍနှင့် အလေးထားပူးပေါင်းဆောင်ရွက်သွားရန်နှင့် ဝန်ထမ်း များအားလုံး လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်မြင့်မားနေစေရေးအတွက် စဉ်ဆက်မပြတ် လေ့ကျင့်နေရန်တို့အား ဆွေးနွေးမှာကြားခဲ့ပြီး သိမ်ဖြူသင်္ဘောကျင်းအတွင်းရှိ လွန်းကျင်းများနှင့် အလုပ်ရုံးများကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်မြစ်တစ်ဖက်ကမ်းရှိ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ဒလသင်္ဘောကျင်းသို့ရောက်ရှိရာ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ဦးဆောင်ညွှန်ကြားရေးမှူးက ဒလသင်္ဘောကျင်း၏ သမိုင်းကြောင်းနှင့် လက်ရှိဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက သင်္ဘောကျင်းလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး အလေးထားဆောင်ရွက်ရန်၊ လုပ်ငန်းသုံးစက်ပစ္စည်းကိရိယာများ ယန္တရားများပုံမှန် စစ်ဆေးထိန်းသိမ်းမှုပြုလုပ်ရန်၊ မီးဘေးအန္တရာယ်ကင်းရှင်းစေရေး ကြိုတင်ကာကွယ်ရေး၊ ဇာတ်တိုက်လေ့ကျင့်ရေးလုပ်ငန်းများ အလေးထားဆောင်ရွက်ရန်၊ လုပ်ငန်းသုံးများ လေလွင့်ဆုံးရှုံးမှုမရှိစေရေး စနစ်တကျကိုင်တွယ်အသုံးပြုရန်နှင့် ဝန်ထမ်းများသက်သာချောင်ချိရေး အလေးထားဆောင်ရွက်ပေးရန်တို့ကိုမှာကြားခဲ့ပြီး၊ ဒလသင်္ဘောကျင်းအတွင်းရှိ လွန်းကျင်းနှင့် လွန်းလမ်းများ အခြေအနေ၊ သင်္ဘောတည်ဆောက်၊ ပြင်ဆင်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်