Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ရန်ကုန်မြို့ရှိ မှတ်တမ်းဌာနနှင့် ဝန်ကြီးဌာန ဂိုဒေါင်များ လှည့်လည်ကြည့်ရှုစစ်ဆေး

နေပြည်တော် ဖေဖော်ဝါရီ ၁၀

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိအမျိုးသားမှတ်ပုံတင်ရေးနှင့် နိုင်ငံသားဦးစီးဌာန၊ မှတ်တမ်းဌာန (ရန်ကုန်) သို့ သွားရောက်ကြည့်ရှုရာလုပ်ငန်းတာ ဝန်ခံဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကိုဦးက ဒီဂျစ်တယ်စနစ်ဖြင့် မှတ်တမ်းထိန်းသိမ်းခြင်း လုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်း အခြေအနေများ၊ လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းပိုင်းဆိုင်ရာ ဆောင်ရွက်ရန်လိုအပ်ချက်များကို မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ခေတ်အဆက်ဆက်ထိန်းသိမ်းထားရှိသည့် အမျိုးသားမှတ်ပုံတင်ဆိုင်ရာ မှတ်တမ်းမှတ်ရာများ၊ အထောက်အထား အချက်အလက်များကို ခန်းမဆောင်အတွင်း၌ ဝန်ထမ်းများကနည်းပညာအသုံးပြု၍ ဒီဂျစ်တယ်စနစ်ဖြင့် မှတ်တမ်းတင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုကာ လုပ်ငန်းလိုအပ်ချက်များကို မှာကြားညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အဆိုပါဌာနရှိ မှတ်တမ်းခန်းများအတွင်းမှတ်တမ်းများ ထိန်းသိမ်းထားရှိမှုအခြေအနေ၊ အလင်းရောင်နှင့်လေဝင်လေထွက် ကောင်းမွန်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေ၊ မှတ်တမ်းများထိန်းသိမ်းထားရှိနိုင်ရေးအတွက် အခန်းများပြင်ဆင် ဆောင်ရွက်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ခြနှင့်ပိုးမွှားများအန္တရာယ် မကျရောက်စေရေး အလေးဂရုပြုဆောင်ရွက်ရန် တာဝန်ရှိသူများကို မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် သာကေတမြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန သာကေတခရိုင်ဦးစီးမှူးရုံး အခြေအနေနှင့် သာကေတမြို့နယ် ဦးစီးမှူးရုံး ရုံးခန်းများနှင့် မှတ်တမ်းခန်းတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ စာရွက်စာတမ်းများလုံခြုံရေးနှင့် ရုံးနှင့်ရုံးပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ကြရန်မှာကြားကာ လိုအပ်သည်များဖြည့် ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဝန်ကြီးဌာနဂိုဒေါင်များသို့သွားရောက်၍ ဂိုဒေါင်များအလိုက် မှတ်တမ်းများထိန်းသိမ်းထားရှိမှု၊ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူများအတွက် စိစစ်ရေးကတ်ပြားများနှင့် လုပ်ငန်းသုံးပုံစံများ ထိန်းသိမ်းထားရှိမှု အခြေအနေများကိုလည်းကောင်း၊ စာရင်းဇယား မှတ်တမ်းပုံစံဟောင်းများ၊ ရုံးအသုံးအဆောင်ပစ္စည်းအဟောင်းများ ထိန်းသိမ်းထားရှိမှု အ‌ခြေအနေများကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးရာလုပ်ငန်းတာဝန်ခံများက လိုက်လံရှင်းလင်းတင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဂိုဒေါင်များအလိုက် ထည့်သွင်းထားသည့်ပစ္စည်းစာရင်း ဇယားများစနစ်တကျ မှတ်တမ်းတင်ထိန်းသိမ်း၍ စနစ်တကျ ထုတ်ပေးဆောင်ရွက်ရေး၊ ပိုးမွှားများအန္တရာယ်ကာကွယ်ရေးအတွက် အမြဲမပြတ်ကြည့်ရှုစစ်ဆေးဆောင်ရွက်ရေး၊ မီးဘေးအန္တရာယ်ကာကွယ်ရေးနှင့် ဇာတ်တိုက်လေ့ကျင့်မှုများဆောင်ရွက်၍ ပစ္စည်းအမျိုးအစားအလိုက် ဦးစားပေးသတ်မှတ်ထားရှိရေး၊ ထိန်းသိမ်းထားရှိသည့်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုမရှိစေရေး၊ ဂိုဒေါင်များအတွင်းနှင့်ပတ်ဝန်းကျင် ရေဝင်ရောက်မှုမရှိစေရန် ကြိုတင်စီစဉ်ဆောင်ရွက်ထားရှိရေးနှင့် သန့်ရှင်းသပ်ရပ်မှုရှိ စေရေးတို့အတွက် တာဝန်ရှိသူများကလိုအပ်သလို စစ်ဆေးကြပ်မတ်ဆောင်ရွက်ကြရေးမှာကြားကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ်လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)