Skip to main content

လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများ တစ်ပြေးညီဖြစ်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၉

နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများ တစ်ပြေးညီဖြစ်စေရေး ဗဟိုကြီးကြပ်ရေးအဖွဲ့၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ဗဟိုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင် ဦးဆောင်၍ ဗဟိုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဗဟိုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစ်ပြေးညီပြည့်စုံမှန်ကန်စေရေး ဆောင်ရွက်ခဲ့သည့် တစ်နှစ်ကျော်ကာလအတွင်း ဗဟိုကြီးကြပ်ရေးအဖွဲ့အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ရှစ်ခု၌ မြေပြင်ကွင်းဆင်းစစ်ဆေးမှု (၁၆) ကြိမ်ဆောင်ရွက်ခဲ့ပြီး လမ်းပိုင်းနေရာ ၆၀ ၌ Road Safety Audit ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ ထို့ပြင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြေပြင်တွင် အများစု လွဲမှားလေ့ရှိသည့်အချက် ၁၉ ချက်ကိုအမြန်ဆုံးပြန်လည်ပြင်ဆင်ရမည့် အနိမ့်ဆုံးအခြေခံသတ်မှတ်ချက်များအဖြစ် ဖော်ထုတ်ဖြန့်ဝေထားပြီးဖြစ်ရာ ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ကြီးကြပ်ရေးအဖွဲ့များအနေဖြင့် အလေးထား အကောင်အထည်ဖော်ဆောင်ရွက်ကြရန်ဖြစ်ကြောင်း။

၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၅ ရက်မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၅ ရက်အထိ ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ် ကြီးကြပ်ရေးအဖွဲ့များအလိုက် Road Safety Audit ဆောင်ရွက်မှု စုစုပေါင်း ၃၇၁၇ ကြိမ် ဆောင်ရွက်နိုင်ခဲ့ပြီး လမ်းညွှန်း ၂၁၀၅၇ ခု၊ အလျားလိုက်မျဉ်း အမှတ် အသား ၁၂၂၄ မိုင် ၃ ဒသမ ၄ ဖာလုံ ၄၄၄ ပေ၊ ကန့်လန့်ဖြတ်မျဉ်း အမှတ်အသား ၁၁၉၅ ခု၊ အခြားလမ်းအမှတ်အသား ၁၁၁၆၁ ခုနှင့် အချက်ပြ ၁၁၁၈ခု ပြင်ဆင်ဆောင်ရွက်နိုင်ခဲ့ရာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြင်ဆင်ဆောင်ရွက်ရန်လိုအပ်မှု၏ ၈၀ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးခဲ့သည်ကို စိစစ်တွေ့ရှိရကြောင်း၊ အသစ်ဆောင်ရွက်မှုအနေဖြင့် လမ်းညွှန်း ၂၃၄၆၂ ခု၊ အလျားလိုက်မျဉ်း အမှတ်အသား ၁၁၉၃မိုင် သုည ဒသမ ၁၅ ဖာလုံ ၁၄၃ ပေ၊ ကန့်လန့်ဖြတ်မျဉ်း အမှတ်အသား ၂၀၆၉ ခု၊ အခြားလမ်းအမှတ်အသား ၈၆၅၀ နှင့် အချက်ပြ ၁၉၀ ထပ်မံဆောင်ရွက်နိုင်ခဲ့ပြီး အသစ်ဆောင်ရွက်ရန်လိုအပ်မှု၏ ၅၁ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးခဲ့ကြောင်း၊ ယနေ့အစည်းအဝေး တွင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်နှင့်အညီ ရန်ကုန်- မန္တလေးအဝေးပြေးလမ်း (လမ်းဟောင်း) တစ်လျှောက် လမ်းလယ်မျဉ်းအမှတ်အသားများ တစ်ပြေးညီပြည့်စုံမှန်ကန်စွာ ဆောင်ရွက်ရေးနှင့် ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်များအလိုက် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ကြီးကြပ်ကွပ်ကဲခြင်းများ ဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို အဓိကထား ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဗဟိုကြီးကြပ်ရေးအဖွဲ့အတွင်းရေးမှူး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ရန်ကုန် - မန္တလေး လမ်းဟောင်းတစ်လျှောက် လမ်းလယ်မျဉ်းအမှတ် အသားများ တစ်ပြေးညီ ပြည့်စုံမှန်ကန်စွာဆောင်ရွက်ရေးနှင့် ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ယာဉ်အန္တရာယ်၊ လမ်း အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ကြီးကြပ်ကွပ်ကဲဆောင်ရွက်ရေး ကိစ္စရပ်များကိုလည်းကောင်း၊ ဗဟို ကြီးကြပ်ရေးအဖွဲ့အဖွဲ့ဝင် လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးအောင်မျိုးဦးက ရန်ကုန်-မန္တလေးအဝေးပြေးလမ်း(လမ်းဟောင်း)တစ်လျှောက် လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများဆိုင်ရာနှင့် BOT ကုမ္ပဏီများဆိုင်ရာ လုပ်ငန်းစဉ်များကိုလည်းကောင်း၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန အင်ဂျင်နီယာမှူးကြီး ဒေါ်ဖြူဖြူဝင်းက ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့်အချက်ပြများဆောင်ရွက်ပြီးစီးမှု သုံးသပ်ချက်များကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ရန်ကုန်-မန္တလေးအဝေးပြးလမ်း (လမ်းဟောင်း) နှင့်သက်ဆိုင်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များဖြစ်သည့် နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီတို့မှ မြို့တော်ဝန်များ၊ တက်ရောက်လာသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် ဗဟိုကြီးကြပ်ရေးအဖွဲ့ အဖွဲ့ဝင်များက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လမ်းလယ်မျဉ်းအမှတ်အသားများ တစ်ပြေးညီပြည့် စုံမှန်ကန်စေရေးနှင့် ယာဉ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ဆောင်ရွက်မည့်လုပ်ငန်းကိစ္စရပ်များကို ဆွေးနွေးတင်ပြကြပြီး ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းအစီအမံများကို ချမှတ်ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်