Skip to main content

အခွန်ထမ်းပြည်သူများနှင့် ထိတွေ့ဆက်ဆံရာတွင် ပေးဆောင်ရမည့်အခွန်ငွေများကို တာဝန်သိအခွန်ထမ်းပီသစွာ ပေးဆောင်လိုသည့် စိတ်ဆန္ဒရှိလာအောင် အကောင်းဆုံးဝန်ဆောင်မှုပေး

နေပြည်တော် ဖေဖော်ဝါရီ ၉

မြို့နယ်အခွန်ဦးစီးဌာနမှူး လုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၈၁) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန၌ ကျင်းပသည်။

တက်ရောက်

သင်တန်းဆင်းပွဲသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် အရာထမ်း/အမှုထမ်းများ တက်ရောက်ကြ သည်။

သင်တန်းဆင်းပွဲတွင် ဒုတိယဝန်ကြီးက ယခုသင်တန်းတွင် အခွန်ဆိုင်ရာဥပဒေ၊ နည်းဥပဒေနှင့် စည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေနှင့် နည်းဥပဒေများ၊ ခေတ်စနစ်နှင့်အညီ ပြုပြင်ပြောင်းလဲနေသော အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲမှုများ၊ အခွန်စည်းကြပ်ခြင်းနှင့် ဆက်စပ်နေသော စာရင်းကိုင်ပညာ၊ အခွန်ဆိုင်ရာစာရင်း စစ်ဆေးခြင်း၊ ICT နည်းပညာကိုအခြေခံ၍ အခွန်စည်းကြပ်ကောက်ခံခြင်းဆိုင်ရာကိစ္စရပ်များ၊ လုပ်ငန်းနှင့်ဆက်စပ်နေသော ပင်စင်အမှုတွဲအမျိုးမျိုး တည်ဆောက်ပုံများ၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဆိုင်ရာ သိမှတ်စရာများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ သိမှတ်စရာများကို စာတွေ့၊ လက်တွေ့ပေါင်းစပ်ပြီး သင်ကြားပို့ချပေးခဲ့ကြောင်း။

လုပ်ငန်းသဘောသဘာဝအရ အခွန်ထမ်းပြည်သူများနှင့် ထိတွေ့ဆက်ဆံရာတွင် အခွန်ထမ်းပြည်သူများက ပေးဆောင်ရမည့် အခွန်ငွေများကို တာဝန်သိအခွန်ထမ်းပီသစွာ ပေးဆောင်လိုသည့် စိတ်ဆန္ဒရှိလာအောင် အကောင်းဆုံးဝန်ဆောင်မှုပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားပြီး သင်တန်း၌ ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများကို ဆုများ ချီးမြှင့်ကာ သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်သည်။

ရက်သတ္တပတ် ရှစ်ပတ်ဖွင့်လှစ်

အဆိုပါသင်တန်းကို ရက်သတ္တပတ် ရှစ်ပတ်ကြာ ဖွင့်လှစ်ပို့ချခဲ့ပြီး သင်တန်းသား သင်တန်းသူ စုစုပေါင်း ၈၀ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်