နေပြည်တော် ဖေဖော်ဝါရီ ၉
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ယနေ့နံနက်ပိုင်းတွင် မြိတ်မြို့ နယ်စပ်ကုန်သည်များအသင်းရုံး၌ ဌာနဆိုင်ရာများ၊ ပို့ကုန်လုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ကုန်သည်လုပ်ငန်းရှင်များအနေဖြင့် ပို့ကုန်များ တင်ပို့ရာတွင် ယခုဒေသသည် ရေထွက်ကုန်ပစ္စည်းများ အဓိကတင်ပို့သည့်ဒေသဖြစ်ပြီး ပင်လယ်မှ ဖမ်းဆီးရမှုအပြင် မွေးမြူထားသော ရေထွက်ကုန်များကိုပါ ကုန်ကြမ်းအပြင် ကုန်ချောထုတ်လုပ်တင်ပို့သကဲ့သို့ တနင်္သာရီတိုင်းဒေသကြီးတွင် အဓိကစိုက်ပျိုးသောရော်ဘာကို လည်း အဆင့်မြှင့်တင်၍ တင်ပို့ခြင်း၊ သတ္တုတင်ပို့ခြင်းများကိုလည်း နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်များနှင့်အညီ အလေးထားဆောင်ရွက်ကြရန်၊ ပို့ကုန် လုပ်ငန်းရှင်များအနေဖြင့် ပြည်တွင်းထွက် ထုတ်ကုန်ပစ္စည်းများကို နိုင်ငံတကာဈေးကွက်တွင် ကောင်းစွာယှဉ်ပြိုင်နိုင်ရန် စံချိန်စံညွှန်းမီ၊ အရည်အသွေးမီကုန်ပစ္စည်းများ ပြုပြင်ထုတ်လုပ်တင်ပို့နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန်၊ ဒေသထွက် ရေထွက်ကုန်များကို ပြည်တွင်းစားသုံးမှုနှင့် ပို့ကုန်တင်ပို့မှုတို့အတွက် အထောက်အကူဖြစ်စေရေး ဒေသရှိအသင်းအဖွဲ့များနှင့် ဈေးကွက်ရှိရာဒေသအလိုက် အသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်ရန်၊ ပို့ကုန်ထုတ်လုပ်သည့် စက်ရုံများအားလုံး ကောင်းစွာလည်ပတ်နိုင်ရေး ကြိုးပမ်းကြရန်၊ စက်ရုံများ၏ထုတ်လုပ်မှုစွမ်းဆောင်ရည်တိုးမြှင့်ရေးဆောင်ရွက်ရန်၊ ကုန်သွယ်မှုသတင်းအချက်အလက်များ အချိန်နှင့်တစ်ပြေးညီ သိရှိအောင် ချိတ်ဆက်ဆောင်ရွက်ရန်နှင့် အကြံပြုချက်များကို ဆွေးနွေးပေးကြရန် ပြောကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပထော်ပတက်ကျွန်းရှိ ပြည့်ဖြိုးထွန်းကုမ္ပဏီ၏ ပုစွန် ထုတ်လုပ်သည့် အအေးခန်းစက်ရုံ၊ ငါးအမှုန့်ကြိတ်စက်ရုံ၊ ပထော်ရေလှောင်တမံတွင် ရေပေါ်၌ ဆိုလာစနစ်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် ဆောင်ရွက်နေမှုနှင့် ပနားမီးပုစွန်မွေးမြူရေးကန်တို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ထူးထူးတိုးကုမ္ပဏီ၏ ငါးအမှုန့်ကြိတ်စက်ရုံနှင့် Texchem Food Myanmar လီမိတက်၏ ရေထွက်ကုန်အအေးခန်းစက်ရုံသို့ရောက်ရှိရာ တာဝန်ရှိသူများက ပုစွန်မွေးမြူမှု၊ ကုန်ချောထုတ်လုပ်မှုနှင့် ပြည်ပသို့တင်ပို့ရန် ထုပ်ပိုးနေမှုများကို ရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပြည်ပဈေးကွက် ပိုမိုရရှိရေး၊ ပို့ကုန်များကို လက်ရှိတင်ပို့နေသည့် ကုန်သွယ်ဖက်နိုင်ငံများအပြင် နိုင်ငံတကာသို့ ဈေးကွက်ရှာဖွေ ချိတ်ဆက်တင်ပို့နိုင်ရေး ဆောင်ရွက်ရန်နှင့် နိုင်ငံတကာဈေးကွက်တွင် ယှဉ်ပြိုင်နိုင်မည့် အရည်အသွေးပြည့်မီစေရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်