ရန်ကုန် ဖေဖော်ဝါရီ ၉
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) အသိအမှတ်ပြုသင်တန်း ကျောင်းဖြစ်သည့် Yun Nadi Oo Vocational Training Center သို့ ကွင်းဆင်းကြည့်ရှုအားပေးသည်။
ထိုသို့ကြည့်ရှုစဉ် သင်တန်းကျောင်းတာဝန်ခံက Yun Nadi Oo Vocational Training Center ဆိုင်ရာ အချက်အလက်များ၊ အခြေခံမော်တော်ယာဉ်စက်ပြင် သင်တန်းနှင့် အဆင့်မြင့်မော်တော် ယာဉ်စက်ပြင်သင်တန်းများဖွင့်လှစ်ပြီး စာတွေ့၊ လက်တွေ့သင်ကြားပို့ချနေမှု၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း မော်တော်ယာဉ်စက်ပြင်သင်တန်းကို သင်တန်းကိုးကြိမ်ဖွင့်လှစ်ပြီး သင်တန်းသား ၂၂၅ ဦးခန့် မွေးထုတ်ပေးရန် လျာထားမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ဒုတိယဝန်ကြီးက အလုပ်သမားဝန်ကြီးဌာနအနေဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ကျွမ်းကျင်မှုသင်တန်းများ ဖွင့်လှစ်ပို့ချခြင်း၊ ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ် ခြင်းနှင့် အလုပ်အကိုင်အခွင့် အလမ်းများရရှိစေရေး ချိတ်ဆက်ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊ Yun Nadi Oo Vocational Training Center အနေဖြင့် အခြေခံမော်တော်ယာဉ် စက်ပြင်သင်တန်းပို့ချရာတွင် သင်တန်းဆင်းများကို ယုံကြည်မှု တည်ဆောက်၍ ပြည်တွင်း၌ သာမကပြည်ပအထိ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန် အရည်အသွေးပြည့်ဝ၍ ခေတ်နှင့်လျော်ညီသော သင်တန်းများ ဖွင့်လှစ်ပို့ချပေးရန်နှင့် သင်တန်းဆင်းများ လုပ်ငန်းခွင်တွင် လက်တွေ့အသုံးချနေမှုကို ပြန်လည်အကြောင်းကြားစေပြီး ဖြည့်ဆည်းသင်ကြားပေးရန်တို့ကို မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်