နေပြည်တော် ဖေဖော်ဝါရီ ၉
ပူပြင်းခြောက်သွေ့သောရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ခြင်း လုပ်ငန်းများကိုသိရှိလိုက်နာကျင့်သုံးရေးနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေးဟောပြောပွဲနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်း သရုပ်ပြပွဲကို ယနေ့နံနက် ၁၀ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပသည်။
ဟောပြောပွဲနှင့် သရုပ်ပြပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အရာထမ်း၊ အမှုထမ်းများနှင့် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ နေပြည်တော်မီးသတ်ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးမြတ်သီဟက မီးသတ်ဦးစီးဌာန၏ ရည်ရွယ်ချက်ဖြစ်သည့် “မိုးမှာလေ့ကျင့်၊ ဆောင်းမှာ စစ်ဆေး၊ နွေမှာ အသင့်ရှိရေး” ဆိုသည့် ဆောင်ပုဒ်အတိုင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ နေပြည်တော်မီးသတ်ဦးစီးမှူးရုံး ကွပ်ကဲမှုအောက်ရှိ ခရိုင်၊ မြို့နယ်များအနေဖြင့် ဝန်ကြီးဌာနများ၊ ရပ်ကွက်၊ ကျေးရွာများ၊ စာသင်ကျောင်းများ၊ ဘာသာရေးဆိုင်ရာ အဆောက်အဦများ၊ စက်သုံးဆီဆိုင်များ၊ ဈေးများ၊ စက်ရုံအလုပ်ရုံသိုလှောင်ရုံများနှင့် ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများအား မီးဘေးလုံခြုံရေး၊ အသိပညာများဟောပြောခြင်း၊ စစ်ဆေးခြင်းများနှင့် လက်တွေ့သရုပ်ပြလေ့ကျင့်ပေးခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် Myanmar Fire Safety Code(2020) တွင် ပါရှိသည့်အတိုင်း သုံးထပ်နှင့်အထက် အဆောက်အအုံများနှင့် မီးဘေးစိုးရိမ်ရသော လုပ်ငန်းများကိုလည်း Fire Safety Certificate (FSC) များကို မြေပြင်ကွင်းဆင်းစစ်ဆေးပြီး မီးသတ်ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စိစစ်ထုတ်ပေးလျက် ရှိပါကြောင်း၊ မီးသတ်သမားများသည် မီးသတ်ဦးစီးဌာန၏ ရည်မှန်းချက်၊ ရည်ရွယ်ချက်များအတိုင်း စွမ်းစွမ်းတမံဆောင်ရွက်သွားမည်ဖြစ်ပြီး ဝန်ထမ်းများအနေဖြင့်လည်း မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များမှ ကင်းဝေးစေရေးအတွက် ပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ဥတ္တရခရိုင် မီးသတ်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်အောင်ထွန်းက မီးသတ်ဦးစီးဌာန၏လုပ်ငန်းစဉ်များ၊ ရည်ရွယ်ချက်၊ မြန် ၃ မြန်၊ သင့် ၄ သင့်၊ MET System၊ မြန်မာ နိုင်ငံတွင်ဖြစ်ပွားလေ့ရှိသော သဘာဝဘေးအန္တရာယ်များ၊ မီးလောင်မှုအခြေခံသဘောတရားများ၊ လောင်စာ ၄ မျိုး၊ မီးငြှိမ်းသတ်ခြင်းစနစ်များ၊ မီးအတန်းအစားခွဲခြားခြင်း၊ အပူသယ်ဆောင်ခြင်း၊ လျှပ်စစ်မီးလောင်မှုဖြစ်စေသည့် အဓိကအကြောင်းရင်းများ၊ ရှောင်ကြဉ် ရမည့်အချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြသည်။
ယင်းနောက် ဥတ္တရခရိုင်မီးသတ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးစိုးသက်နောင်က မီးဘေးလုံခြုံရေးဆိုင်ရာလုပ်ငန်းစဉ်များ၊ ရှာဖွေကယ်ဆယ်ရေး၊ မီးသတ်ဆေးဘူးများစစ်ဆေးခြင်းနှင့် တပ်ဆင်အသုံးပြုခြင်း၊ မီးသတိပြုခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ၊ အိမ်သုံး လျှပ်စစ်ပစ္စည်းများနှင့်ပတ်သက်၍ သတိပြုစရာများ၊ မီးဘေးကြိုတင်ကာကွယ်ရေးစီမံချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြသည်။
ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်က ကျေးဇူးတင်စကားပြောကြားသည်။
ယင်းနောက် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက မီးလောင်မှုဖြစ်ပွားပါက ဝန်ထမ်းများကိုယ်တိုင် စနစ်တကျ မီးငြှိမ်းသတ်နိုင်ရေးအတွက် Kitchen Fire အား မီးသတ်နည်းသုံးမျိုး၊ Gas Fire အား မီးသတ်နည်းသုံးမျိုး၊ ဆီမီးလောင်မှုအား မီးသတ်နည်းနှစ်မျိုးတို့ကို ဝန်ထမ်းများနှင့်အတူ ဇာတ်တိုက် လေ့ကျင့်မှုလုပ်ငန်းများ လက်တွေ့သရုပ်ပြလေ့ကျင့် ဆောင်ရွက်ကြသည်။
သတင်းစဉ်