Skip to main content

ပြည်ထောင်စုစိတ်ဓာတ်ဖြင့် လက်တွဲကြိုးပမ်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်ကို တာဝန်ယူဆောင်ရွက်နေချိန်တွင် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများအကျိုးစီးပွားကို အလေးထား၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးအတွက် နိုင်ငံရေးရည်မှန်းချက် (၂) ရပ်၊ အမျိုးသားရေးရည်မှန်းချက် (၂) ရပ်တို့ကို ချမှတ်အကောင်အထည်ဖော်လျက်ရှိသည်။

အဆိုပါရည်မှန်းချက်တာဝန်များသည် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူအားလုံး အကျိုးစီးပွားအတွက် ရှေးရှုအလေးထားဆောင်ရွက်နေခြင်းဖြစ်သည်။ ပြည်ထောင်စုကြီးအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူများ၏လိုလားချက်၊ မျှော်လင့်ချက်၊ ဆန္ဒများမှာလည်း နိုင်ငံတော်က ချမှတ်ထားသည့် ရည်မှန်းချက်တာဝန်များနှင့်တစ်ထပ်တည်းဖြစ်သည်။ ထို့ကြောင့် ပြည်ထောင်စုကြီးအတွင်းရှိ တိုင်းရင်းသားလူမျိုးအားလုံးတို့သည် အချင်းချင်းစိတ်ဝမ်းမကွဲပြားကြဘဲ တစ်ဦးနှင့်တစ်ဦး နားလည်ခွင့်လွှတ်မှု၊ ရိုင်းပင်းကူညီမှုတို့ဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးကို တည်ဆောက်ကြရမည် ဖြစ်သည်။

မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးများ စုပေါင်းနေထိုင်ကြသော ပြည်ထောင်စုစနစ်ဖြင့် တည်ဆောက်ထားသည့်နိုင်ငံဖြစ်သဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးသည် အဓိကကျပါသည်။ တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်ကြရန်နှင့် ပြည်ထောင်စုကြီး အဓွန့်ရှည်တည်တံ့ခိုင်မြဲနေစေရန်အတွက် အရေးအကြီးဆုံးလိုအပ်ချက်မှာ ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်နေရေးဖြစ်သည်။ မြန်မာနိုင်ငံအတွင်း စုစည်းနေထိုင်လျက်ရှိကြသော တိုင်းရင်းသားပြည်သူအားလုံး၏ဆန္ဒအမှန်မှာ တိုင်းပြည်အေးချမ်းသာယာဝပြောရေး၊ တရားဥပဒေစိုးမိုးရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် စားဝတ်နေမှုဖူလုံရေးတို့ပင်ဖြစ်သည်။

နိုင်ငံတော်အစိုးရသည် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးဟူသည့် အမျိုးသားရေးရည်မှန်းချက် ချမှတ်ဆောင်ရွက်လျက်ရှိသည်။ ပြည်သူအားလုံး အကျုံးဝင်သော စိုက်ပျိုးရေးနှင့် မွေးမြူရေးတို့ကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်လျက်ရှိပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် အကောင်အထည်ဖော်လျက်ရှိသည်။ အဓိကအားဖြင့် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ယခုထက်ပိုမိုအားကောင်းလာစေရန် အလေးထားဆောင်ရွက်ပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာစေရန် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။

လူငယ်များပါဝင်သည့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး အသိပညာ၊ အတတ်ပညာနှင့် စဉ်းစားတွေးခေါ်နိုင်စွမ်းများ ပြည့်စုံနေရန်လိုအပ်သည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရက ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတည်ဆောက်ရေးအတွက် လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်သည့် ဘက်စုံပညာရေးကို အကောင်အထည်ဖော်လျက်ရှိသည်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးသည် အခြေခံအုတ်မြစ်ဖြစ်သဖြင့် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ကြားနိုင်ရေးနှင့် အနည်းဆုံးအခြေခံပညာအလယ်တန်းအဆင့် ပြီးမြောက်နိုင်အောင် သင်ကြားခွင့်များဆောင်ရွက်ပေးလျက်ရှိသည်။

လူငယ်လူရွယ်များ အသိပညာ၊ အတတ်ပညာများ တတ်မြောက်ရေးနှင့်အတူ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များ ရှင်သန်ထွန်းကားလာရန် အရေးကြီးသည်။ အလျင်အမြန် တိုးတက်ပြောင်းလဲနေသော ခေတ်ကာလ၌ လူငယ်လူရွယ်များ အမှန်နှင့် အမှား၊ အကောင်းနှင့်အဆိုးတို့ကို ခွဲခြားသိမြင်နိုင်စွမ်းရှိသည့် စွမ်းဆောင်ရည်မြင့်မားသော အနာဂတ်သားကောင်းရတနာများဖြစ်အောင် ပြုစုပျိုးထောင်ပေးရေးမှာ ပို၍အရေးကြီးသောအချက်ဖြစ်သည်။ ထို့ကြောင့် မျိုးဆက်သစ်လူငယ်လူရွယ်များအား အသိပညာဗဟုသုတမြင့်မားပြီး အနာဂတ်နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နိုင်စွမ်းရှိသော မျိုးဆက်သစ်များဖြစ်လာအောင် ပြုစုပျိုးထောင်ပေးကြရန်လိုအပ်သည်။

မျက်မှောက်ကာလတွင် နိုင်ငံတည်ငြိမ်အေးချမ်းမှုပျက်ပြားရေး၊ ပြည်ထောင်စုကြီး ပြိုကွဲပျက်စီးရေးအတွက် အဖျက်သမားများက အမျိုးမျိုးအဖုံဖုံ တိုက်ခိုက်ဖျက်ဆီးမှုများ ပြုလုပ်နေကြသည်။ လူငယ်လူရွယ်များကို လမ်းမှားသို့ရောက်အောင် ပို့ဆောင်ပေးပြီး တိုင်းပြည်အဖျက်အန္တရာယ် ကြီးမားလာအောင် လုပ်ဆောင်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။ ထို့ပြင် တိုင်းရင်းသားပြည်သူများ အတိဒုက္ခရောက်စေနိုင်သည့်လုပ်ရပ်များကိုလည်း လုပ်ဆောင်နေကြသည်ကို တွေ့ရမည် ဖြစ်သည်။

သို့ဖြစ်ရာ ပြည်ထောင်စုကြီးမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို အလေးထားပြီး အနာဂတ်တိုင်းပြည် ဖွံ့ဖြိုးတိုးတက်လာစေရန် တိုင်းရင်းသားပြည်သူအားလုံးက ပြည်ထောင်စုစိတ်ဓာတ်ကို ရှင်သန်ထွန်းကားအောင် ပြုလုပ်ကြပြီး ဝိုင်းဝန်းလက်တွဲ ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။