နေပြည်တော် ဖေဖော်ဝါရီ ၉
မွန်ပြည်နယ်၊ ကျိုက်မရောဗဟိုအကျဉ်းထောင်တွင် တရားမဝင် ဖုန်းရှာဖွေဖမ်းဆီးရမိသည့်ကိစ္စနှင့်ပတ်သက်ပြီး စစ်ဆေးမေးမြန်းရန်ခေါ်သွားသည့် နိုင်ငံရေးအကျဉ်းသားနှစ်ဦးကို တိုက်ပိတ်အရေးယူခဲ့သည့်အတွက် နိုင်ငံရေးအကျဉ်းသားများ၏ ကျန်းမာရေးဆိုင်ရာ အခွင့်အရေးတောင်းဆိုချက်အနေဖြင့် အချက် ၃ ချက်ကို လိုက်လျောပေးရန် အစာငတ်ခံဆန္ဒပြနေကြသည်ဟု တရားမဝင်ပြည်ဖျက်မီဒီယာများဖြစ်သည့် DVB နှင့် Mizzima တို့မှ မဟုတ်မမှန် ရေးသားဝါဒဖြန့်နေသည်ကို တွေ့ရှိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ အကျဉ်းထောင်တွင် ဇန်နဝါရီလ ၂၈ ရက်နေ့က အထူးရှာဖွေရေးပြုလုပ် ခဲ့ကြောင်း၊ ဘုရားစင်ဒေါက်အတွင်းမှ ဖုန်းနှစ်လုံးရှာဖွေတွေ့ရှိကြောင်း၊ ပိုင်ရှင်ဝန်ခံခြင်းမရှိ၍ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း၊ အကျဉ်းသားများက လိမ်လည်ဖုံးဖိထွက်ဆိုကြကြောင်း၊ ဖုန်းများအား နည်းပညာဖြင့်စစ်ဆေးရာ ပိုင်ရှင်ကိုသိရှိရကြောင်း၊ သိရှိရချိန်တွင် ပိုင်ရှင်နှစ်ဦးကို ခေါ်ယူစစ်မေးခြင်းဖြစ်ကြောင်း၊ ဥပဒေနှင့်အညီ စစ်ဆေးခဲ့ပြီး သီးခြားခွဲထားကြောင်း၊ တိုက်ပိတ်ထားခြင်းမဟုတ်ကြောင်း၊ လျှပ်စစ်မီးမှာ ခေတ္တပြတ်တောက်ခြင်းသာဖြစ်ပြီး မီးပိတ်၍ ဖမ်းဆီးခြင်းမဟုတ်ကြောင်း၊ ထောင်တွင်းအစာငတ်ခံ ဆန္ဒပြခြင်းလုံးဝမရှိပါကြောင်း၊ အကျဉ်းသားများက တင်ပြမှုများရှိပြီး စိစစ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အကျဉ်းထောင်အုပ်ချုပ်သူများသည် သဘောထားတင်းမာခြင်းမဟုတ်ဘဲ တာဝန်များကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ တိကျစွာ ထမ်းဆောင်ခြင်းသာဖြစ်ကြောင်းနှင့် အကျဉ်းထောင်အုပ်ချုပ်ရေးစနစ်ကို အထင်မှားစေရန်၊ တည်ငြိမ်နေမှုကို ပျက်ပြားစေရန် ရည်ရွယ်၍ လုပ်ကြံဖန်တီးရေးသားထားသော ဝါဒဖြန့်သတင်းသာဖြစ်ပါကြောင်း သတင်းရရှိသည်။