နေပြည်တော် ဖေဖော်ဝါရီ ၈
တပ်မတော်က ပြည်နယ်နှင့်တိုင်းအသီးသီးရှိ စစ်မှုထမ်းဟောင်း ၂၀၀၀ ဦး ဝန်းကျင်ကို နေပြည်တော်သို့ခေါ်ယူထားပြီး တောင်တွင်းကြီးမြို့တွင် စစ်သင်တန်း ၂ ပတ်ပေးကာ ရှေ့တန်းသို့ အကူတပ်များအဖြစ် စေလွှတ်မည်ဟု မဟုတ်မမှန်သတင်းများကို အကြမ်းဖက်အားပေး တရားမဝင် ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်ပေါ်တွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
အထက်ပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ နေပြည်တော် ဒက္ခိဏသီရီမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူ ဘုရားဖူးပြည်သူများ လာရောက်ဖူးမြော်ကြည်ညိုလျက်ရှိရာ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအပါအဝင် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များပါ နေပြည်တော်သို့ ဘုရားဖူးရန်ရောက်ရှိလာမှုကို ပြည်ဖျက်မီဒီယာများက အချိန်အခါကိုက် သတင်းတုသတင်းမှားများအား ရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။