Skip to main content

ကန့်ဘလူမြို့၊ အမှတ်(၂)ရပ်ကွက်တွင် မြေအောက်ရေတင်စနစ်ဖြင့် ဇီးချိုသီးပင်များ စိုက်ပျိုး

ကန့်ဘလူ  ဖေဖော်ဝါရီ  ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့၊ အမှတ်(၂)ရပ်ကွက်တွင်၊ မိသားစုစားဝတ်နေရေး အပိုဝင်ငွေရရှိရန်အတွက် နှစ်ရှည်ပင်ဖြစ်သည့် ဇီးချိုသီးပင်ကို မြေအောက်ရေတင်စနစ်ဖြင့် စိုက်ပျိုးလျက်ရှိသည်။

ဇီးချိုသီးပင်ကို နှစ်စဉ်မတ်လတွင် ကိုင်းဖြတ်ကိုင်းရှင်းများဆောင်ရွက်ရပြီး ဧပြီလ သင်္ကြန်မိုး နှင့်အတူ အညွန့်အသစ်များ စပေါက်လာကာ ဇူလိုင်လ၊ ဩဂုတ်လများတွင် ဇီးချိုပင်ကိုင်းများ ဘေးကားထွက်ပြီး အသီးများသီးရာတွင် အသီးမနိုင်ဘဲ ကိုင်းကျိုးကျခြင်းမဖြစ်စေရန်နှင့် ဇီးချိုသီး အပင်ကိုင်း များကျိုးကျလျှင် အသီးများပျက်စီးမှုများနိုင်သဖြင့် တန်းထိုးခြင်းလုပ်ငန်းများကို နှစ်စဉ်ဆောင်ရွက်ရပါကြောင်း၊ စက်တင်ဘာလတွင် ဇီးချိုသီးပင်အပွင့်များ စတင်ပွင့်ဖူးလာပြီး နိုဝင်ဘာလတွင် ဇီးချိုသီး အကင်းများ စတင်သီး၍ ဇီးချိုသီးများစသီးချိန်တွင် အသီးများ ချိုမြပြီးစားကောင်းစေရန်အတွက် ကြက်ဥအခွံနှင့် ရှာလကာရည်စိမ်၍ ရေသွင်းပေးတိုင်း အမြဲလောင်းပေးကာ (၁၀)ရက် တစ်ကြိမ် ရေသွင်းပေးရပါကြောင်း၊ အာဟာရကျွေးခြင်း၊ ရေသွင်းခြင်း၊ အလုပ်သမားငှားရမ်းခြင်းအတွက် တစ်နှစ်ကုန်ကျစရိတ် (၁၂) သိန်းခန့် ကုန်ကျကြောင်း ကန့်ဘလူမြို့ အမှတ် (၂)ရပ်ကွက်မှ ဇီးချိုသီးခြံပိုင်ရှင်က ပြောသည်။

ဇီးချိုသီးများကို ဒီဇင်ဘာလတွင် စတင်ခူးဆွတ်နိုင်ပြီး ကန့်ဘလူမြို့တွင် အများဆုံးရောင်းချ ရပါကြောင်း၊ ဆီးချိုသီးများကို စတင်ခူးဆွတ်ချိန်တွင် ၅ ပိဿာ မှ ၁၀ ပိဿာအထိ ခူးဆွတ်ရရှိပြီး ဇန်နဝါရီလ၊ ဇီးချိုသီးများလှိုင်လှိုင်ပေါချိန်တွင် နေ့စဉ် တစ်ရက်လျှင် (၁၅)ပိဿာ ဝင်ဆံ့သည့်တောင်း ဖြင့် (၅)တောင်း ခူးဆွတ်ရောင်းချရပါကြောင်း၊ ဇီးချိုသီး တစ်ပိဿာလျှင် ကျပ်(၃၀၀၀) ရောင်းချရပြီး ခူးဆွတ်ချိန် (၂)လကြာမြင့်အောင် ခူးဆွတ်ရပြီး တစ်နှစ် ဇီးချိုသီးခြံ၏ ဝင်ငွေမှာ (၃၅)သိန်းနှင့် (၄၀) သိန်းခန့်ရှိရပြီး အမြတ်အစွန်းမှာ (၂၈) သိန်းခန့် ရရှိပါကြောင်း ဇီးချိုသီးခြံစိုက်ပျိုးသော တောင်သူ ဒေါ်အေးအေးခိုင်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)