Skip to main content

တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့ နေပြည်တော်ရှိ အထင်ကရနေရာများသို့ ဒုတိယနေ့အဖြစ် သွားရောက်လေ့လာ

နေပြည်တော်  ဖေဖော်ဝါရီ  ၇

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားတွင် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကဖြင့် ဖျော်ဖြေတင်ဆက်ရန် နေပြည်တော်၌ ရောက်ရှိနေကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များသည် ယနေ့နံနက်ပိုင်းမှစ၍ နေပြည်တော်ရှိ အထင်ကရနေရာများသို့ဒုတိယနေ့အဖြစ် အဖွဲ့နှစ်ဖွဲ့ခွဲကာ ဆက်လက်လေ့လာကြသည်။

ဦးစွာ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့သည် တိရစ္ဆာန်ဥယျာဉ်၌ ဆင်လိမ္မာများ၏ ကပြဖျော်ဖြေမှုကို ကြည့်ရှုကြပြီး ဆင်စာများကျွေးကြသည်။

ထို့နောက် ရှားပါးတိရစ္ဆာန်များ၊ အကောင်ရေ ၁၀၀၀၀ တွင် တစ်ကောင်သာ ပေါက်ဖွားတတ်သည့် ရှားပါးကျားဖြူများ၊ ချစ်စရာဝါလာဘီ သားပိုက်ကောင်များ၊ ပင်လယ်ဖျံ၊ ပင်ဂွင်းငှက်ကလေးများနှင့် ငါးပြတိုက်တို့ကို စိတ်ဝင်တစား လေ့လာကြည့်ရှုကြသည်။

ယင်းနောက် နက္ခတ်တာရာပြခန်းအတွင်း ပြသထားသည့် ဂြိုဟ်၊ လ၊ ကမ္ဘာများအကြောင်း၊ စကြဝဠာကြီးအတွင်းရှိ ထူးခြားဆန်းပြားလှပသောအရာများ၊ ကြယ်တာရာများ၏ ဖွဲ့စည်းတည်ရှိပုံ၊ ကမ္ဘာကြီး၏ ဆွဲငင်အားစသည့် နက္ခတ်တာရာ သိပ္ပံဆိုင်ရာ ဗဟုသုတတိုးပွားဖွယ်ရာ အကြောင်းများကို ကြည့်ရှုလေ့လာကြပြီး စကြဝဠာဆိုင်ရာ ပညာပေးဗီဒီယိုကို ကြည့်ရှုကြသည်။

ဆက်လက်၍ လေ့လာရေးအဖွဲ့သည် အမျိုးသားအထိမ်းအမှတ်ဥယျာဉ်၊ စစ်သမိုင်းပြတိုက်နှင့် အမျိုးသားပြတိုက်၊ နေပြည်တော်မြို့မဈေးတို့ကို ဆက်လက်သွားရောက်လေ့လာကြသည်။

အဆိုပါ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့တွင် ကချင်ပြည်နယ်မှ ၃၅ ဦး၊ ကယားပြည်နယ်မှ ၄၀၊ ကရင်ပြည်နယ်မှ ၄၀၊ ချင်းပြည်နယ်မှ ၄၀၊ မွန်ပြည်နယ်မှ ၃၇ ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှ ၃၅ ဦး၊ ရခိုင်ပြည်နယ်မှ ၃၁ ဦးနှင့် ရှမ်းပြည်နယ်မှ ၄၀ တို့ပါဝင်၍ ၂၀၂၄ ခုနှစ် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားတွင် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကအလှများဖြင့် ကပြဖျော်ဖြေ တင်ဆက်သွားကြမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်