နေပြည်တော် ဖေဖော်ဝါရီ ၇
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးနှင့် ဦးတင်အောင်တို့ ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ကော်မရှင်ဥပဒေပုဒ်မ ၄၃၊ ၄၄ ပြဋ္ဌာန်းချက်နှင့်အညီ ဖေဖော်ဝါရီ ၅ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့ပေါ်ရှိ ရဲစခန်း၊ အချုပ်ခန်းနှင့် တရားရုံးအချုပ်ခန်းသို့ လည်းကောင်း၊ ဖေဖော်ဝါရီ ၆ ရက်တွင် မြောင်းမြမြို့ရှိ မြောင်းမြအကျဉ်းထောင်သို့ လည်းကောင်း၊ ဖေဖော်ဝါရီ ၇ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်ရှိ လပွတ္တာလူငယ့် အားမာန်သင်တန်းကျောင်းသို့လည်းကောင်း သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။
ကြည့်ရှုစစ်ဆေး
ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် မြောင်းမြရဲစခန်း အချုပ်ခန်းနှင့် တရားရုံးအချုပ်ခန်းတို့အား ဝင်ရောက်ကြည့်ရှုစစ်ဆေးစဉ် ရီမန်ကာလအခြေအနေ၊ မိသားစုတွေ့ဆုံမှုအခြေအနေ၊ ရုံးထုတ်နေ မှုအခြေအနေ၊ ရုံးထုတ်ကာလအတွင်း စားသောက်မှုအခြေအနေနှင့် အချုပ်ခန်းအတွင်း မိလ္လာသုံးစွဲ မှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် မြောင်းမြအကျဉ်းထောင်အား ကော်မရှင်ဥပဒေပြဋ္ဌာန်းချက်များ၊ ကော်မရှင်ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသား အကျဉ်းသူ၊ အချုပ်သား အချုပ်သူများကို အိပ်ဆောင်များ၌ တွေ့ဆုံကာ အကျဉ်းသား၊ အချုပ်သား တစ်ဦး၏ အနိမ့်ဆုံးရရှိရမည့် အခွင့်အရေးဖြစ်သော နေထိုင်စားသောက်မှု အခြေအနေများ၊ ကျန်းမာရေးစောင့်ရှောက်မှု ရှိ /မရှိ၊ သန့်ရှင်းသော သောက်ရေနှင့်သုံးရေ လုံလောက်မှု ရှိ /မရှိ၊ မိသားစုနှင့် တွေ့ဆုံခွင့် အခြေအနေ၊ လွတ်လပ်စွာ ကိုးကွယ်နိုင်မှုအခြေအနေ၊ ထောင်ဝင်စာပစ္စည်းများ စုံလင်စွာရရှိခြင်း ရှိ /မရှိ၊ ရသင့်ရထိုက်သော အသုံးအဆောင်ပစ္စည်းများ ရရှိခြင်း ရှိ / မရှိ၊ ညှဉ်းပန်းနှိပ်စက်မှု ရှိ /မရှိနှင့် အချုပ်ခန်းများအတွင်း သန့်ရှင်းမှု ရှိ / မရှိ စသည်တို့ကို မေးမြန်းခဲ့ပြီး သီးခြားလွတ်လပ်စွာ တွေ့ဆုံခွင့်တောင်းခံသူ အကျဉ်းသား အကျဉ်းသူ၊ အချုပ်သား အချုပ်သူများကိုလည်း သီးခြားတွေ့ဆုံမေးမြန်း မှတ်တမ်းတင်ခဲ့သည်။
အကျဉ်းထောင်ကို ဝင်ရောက်ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသား အကျဉ်းသူ၊ အချုပ်သား အချုပ်သူများ၏ အိပ်ဆောင်များ၊ ဆေးရုံဆောင်၊ စာကြည့်တိုက်၊ စားဖိုကြီး၊ ရိက္ခာဂိုဒေါင်၊ ရေသန့်စက်၊ သုံးရေကန်များ၊ အတွင်း/အပြင် မိလ္လာများ သန့်ရှင်းမှု ရှိ / မရှိ စသည်တို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး အကျဉ်းသား အကျဉ်းသူ၊ အချုပ်သား အချုပ်သူများ လေ့လာဖတ်ရှုနိုင်ရန်အတွက် ဗဟုသုတရဖွယ်ရာ စာအုပ်စာပေ ၅၀ ကို ကော်မရှင်က လှူဒါန်းခဲ့သည်။
လပွတ္တာလူငယ့်အားမာန်သင်တန်းကျောင်းကို ကြည့်ရှုစစ်ဆေးစဉ် သင်တန်းသားများအား ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေ၊ အစားအစာကျွေး မွေးမှုအခြေအနေ၊ သန့်ရှင်းသော ရေရရှိအောင် ဆောင်ရွက်ပေးနေမှုအခြေအနေ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိအောင် ဆောင်ရွက် ပေးနေမှုအခြေအနေ၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်လာစေရန် ပြုစုစောင့်ရှောက်ပေးမှု အခြေအနေနှင့် ပညာသင်ကြားခွင့်၊ အသက်မွေးဝမ်းကျောင်း ပညာသင်ကြားခွင့်၊ လေ့ကျင့်ပြုစုစောင့်ရှောက် ပျိုးထောင်ပေးနေမှုအခြေအနေ၊ မိသားစုနှင့် ဆက်သွယ်ခွင့်၊ မိသားစုနှင့် ပြန်လည်ပေါင်းစည်းခွင့်နှင့် လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် စသည့်အခြေခံလူ့အခွင့်အရေးများ ရရှိစေရန် ဆောင်ရွက်ပေးနေမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။
အကြံပြုပေးပို့သွားမည်
ကြည့်ရှုစစ်ဆေးရေး အဖွဲ့၏ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို သင့်လျော်သကဲ့သို့ ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများသို့ အကြံပြုပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်