နေပြည်တော် ဖေဖော်ဝါရီ ၇
တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် လူမှုကွန်ရက်စာမျက်နှာများတွင် လူနှစ်ဦးအား အရှင်လတ်လတ် မီးရှို့သတ်ဖြတ်နေသည့် ရုပ်သံဖိုင်အား ဖြန့်ဝေလျက်ရှိပြီး ၎င်းလုပ်ရပ်အား ရပ်ရွာကာကွယ်ရေးအဖွဲ့ဝင်များက ကျူးလွန်ခြင်းဖြစ်သည်ဟု ရေးသားဖော်ပြလျက်ရှိသည်။
၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဒေသခံများထံမှ စုံစမ်းသိရှိရသည့် သတင်းရင်းမြစ်အချို့အရ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ပထမအပတ်အတွင်း၌ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းကျေးရွာတွင် လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရပ်ရွာကာကွယ်ရေးအဖွဲ့ဝင်များအား PDF အမည်ခံအကြမ်းဖက် သမားများက လာရောက်တိုက်ခိုက်ခဲ့ပြီး အကျအဆုံးများစွာဖြင့် ဆုတ်ခွာထွက်ပြေးသွား ခဲ့ကြောင်းနှင့် အကြမ်းဖက်သမားများအား အရှင်ဖမ်းဆီးရမိခဲ့ခြင်းမရှိကြောင်း ကနဦးသိရှိရသည်။
ဆက်လက်စိစစ်ချက်များအရ လူမှုကွန်ရက်စာမျက်နှာများ၌ ဖြန့်ဝေလျက်ရှိသည့် ရုပ်သံဖိုင်၌ ရက်ရက်စက်စက် သတ်ဖြတ်ခံရသူနှစ်ဦးမှာ PDF အမည်ခံအကြမ်းဖက် သမားများဖြစ်ကြောင်း သိရှိရပြီး ၎င်းတို့အချင်းချင်း နယ်မြေလုခြင်း၊ ငွေကြေးအရှုပ်အရှင်းများရှိခြင်းနှင့် အကြမ်းဖက်လုပ်ရပ်များကို ဆက်လက်မလုပ်ဆောင်လိုခြင်း စသည့်အကြောင်းချင်းရာများကြောင့် အချင်းချင်းစိတ်သဘောထားမတိုက်ဆိုင်သဖြင့် ၎င်းတို့အချင်းချင်း ယခုကဲ့သို့လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ထိုကဲ့သို့ လုပ်ဆောင်ခဲ့ခြင်းကို ရပ်ရွာကာကွယ်ရေးအဖွဲ့ဝင်များက လုပ်ဆောင်ခဲ့သည့်အသွင်ဖြင့် လုပ်ကြံဖန်တီး ရိုက်ကူးထားသည့် ရုပ်သံဖိုင်တစ်ခုသာဖြစ်ကြောင်း သိရှိရသည်။
PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် ၎င်းတို့နှင့် သဘောထား မတိုက်ဆိုင်သူများနှင့် ၎င်းတို့အလိုကိုလိုက်၍ လိုက်ပါဆောင်ရွက်ခြင်း မရှိသူများအား အကြောက်တရားများ လွှမ်းမိုးစေရန် အများပြည်သူများရှေ့မှောက်၌ တာယာကွင်းစွပ်၍ မီးရှို့သတ်ဖြတ်ခြင်း၊ လည်လှီးသတ်ဖြတ်ခြင်း၊ ဝါးရင်းတုတ်ဖြင့် ရိုက်သတ်ခြင်း၊ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခြင်း စသည့် လူမဆန်သည့် အကြမ်းဖက်လုပ်ရပ်များအား ကျူးလွန်လျက်ရှိသည်ကိုလည်း မကြာခဏဆိုသလို လူမှုကွန်ရက်စာမျက်နှာများ၌ စိတ်နှလုံးမချမ်းမြေ့ဖွယ် တွေ့မြင်နေရသည်။
PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် ထိုကဲ့သို့ လူမဆန်သော ရက်စက်ယုတ်မာသည့် အကြမ်းဖက်လုပ်ရပ်လုပ်ဆောင်နေမှုများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လုပ်ဆောင်နေသည့် အသွင်ဖြင့် နိုင်ငံတကာနှင့် ပြည်သူလူထုမှ အထင်မြင်လွဲမှားစေရန် တရားမဝင် ပြည်ဖျက်မီဒီယာများက အချိန်အခါကိုက် သတင်းတုသတင်းမှားများအား ဖြန့်ဝေနေခြင်းသာ ဖြစ်ကြောင်း သတင်းရရှိသည်။