နေပြည်တော် ဖေဖော်ဝါရီ ၆
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့ညနေပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် သာဂရစက်မှုနယ်မြေရှိ အမှတ် (၃) စက်မှုသင်တန်းကျောင်း (သာဂရ) သို့ ရောက်ရှိရာ ကျောင်းအုပ်ကြီးက သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များ၊ ပုံမှန်တစ်နှစ်သင်တန်း ဖွင့်လှစ်နေမှုကိုလည်းကောင်း၊ နည်းပြဆရာမတစ်ဦးက ပုံမှန်တစ်နှစ်သင်တန်းများတွင် လေ့ကျင့်သင်ကြားမှုစနစ်များကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
တိတိကျကျစစ်ဆေးရမည်
ထို့နောက် ပြည်ထောင်စုဝန်ကြီးက စက်မှုသင်တန်းကျောင်းများအနေဖြင့် မည်သည့်အဆင့်အတန်းများအထိရရှိအောင် လေ့ကျင့်သင်ကြားပေးမည်ကိုလည်း သတ်မှတ်ပြဋ္ဌာန်းထားရမည်ဖြစ်ကြောင်း၊ ဘာသာရပ်တစ်ခုချင်းစီကို သင်ကြားပို့ချပြီးချိန်တွင် ကျောင်းသား ကျောင်းသူများရရှိမည့်ရလဒ်များသည် သင်တန်းကျောင်း၏ လေ့ကျင့်သင်ကြားပေးမှုရလဒ်များကို အထောက်အကူပြုရမည်ဖြစ်ကြောင်း၊ ကျောင်းသား ကျောင်းသူများကို လေ့ကျင့်သင်ကြားပေးခဲ့သည့် ဘာသာရပ်အလိုက် ကျွမ်းကျင်မှုများစစ်ဆေးရာတွင် သတ်မှတ်အဆင့်များနှင့်အညီ တိတိကျကျစစ်ဆေးရမည်ဖြစ်ကြောင်း၊ ထို့ပြင် ကျောင်းသား ကျောင်းသူများကို သင်တန်းကျောင်းမှ သတ်မှတ်ထားသည့် ကျွမ်းကျင်မှုများကို လုံးဝ တတ်မြောက်သည်အထိ လေ့ကျင့်သင်ကြားပေးရမည်ဖြစ်ကြောင်း၊ အသိပညာ၊ ဗဟုသုတ၊ နှလုံးရည်တို့ ပြည့်စုံသည့် လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုရှိအောင် အလေးထား လေ့ကျင့်သင်ကြားပေးရမည်ဖြစ်ကြောင်း၊ သင်တန်းကျောင်းအနေဖြင့် ကျောင်းသား ကျောင်းသူများကို စက်မှုနှင့်ပတ်သက်သည့် ပညာရပ်များကို အခြေခံမှစ၍ သိရှိအောင် လေ့ကျင့်သင်ကြားပေးရမည်ဖြစ်ကြောင်း မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကျောင်းသား ကျောင်းသူများအား စာတွေ့လက်တွေ့ လေ့ကျင့်သင်ကြားပေးနေမှုနှင့် သင်ထောက်ကူပစ္စည်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ကျောင်းအုပ်ကြီး၊ နည်းပြဆရာ ဆရာမများနှင့် တွေ့ဆုံ၍ တစ်ဦးချင်းစီ၏ တင်ပြချက်များနှင့် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
သင်ကြားပို့ချ
အမှတ်(၃) စက်မှုသင်တန်းကျောင်း (သာဂရ) အနေဖြင့် ပုံမှန်တစ်နှစ်သင်တန်းများ၊ ကျွမ်းကျင်မှု အခြေပြုကာလတို သုံးလသင်တန်းများ၊ စက်မှုနှင့် အသက်မွေးပညာရွေ့လျားသင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိရာ ယခုဖွင့်လှစ်ထားရှိသည့် အမှတ်စဉ် (၁၄) ပုံမှန်တစ်နှစ်သင်တန်းသို့ သင်တန်းသား ၃၅ ဦး၊ သင်တန်းသူ ၅၀ စုစုပေါင်း ၈၅ ဦး တက်ရောက်လျက်ရှိပြီး စက်ရုံသုံးပစ္စည်းထုတ်လုပ်သည့် ဘာသာရပ်၊ ကွန်ပျူတာသုံးဒီဇိုင်းထုတ်လုပ်မှုဘာသာရပ်၊ လျှပ်စစ်ဘာသာရပ်၊ အီလက်ထရောနစ်ဘာသာရပ်၊ သတ္တုရည်ကျိုဘာသာရပ်များကို စာတွေ့လက်တွေ့ လေ့ကျင့်သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်