နေပြည်တော် ဖေဖော်ဝါရီ ၆
(၇၇) နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ်ရှိ သူဌေးကုန်း-တာပြတ်-ဝါးရုံစုကျေးရွာ ဆိုလာအသေးစားဓာတ်အားပေးစနစ် မီးလင်းရေးလုပ်ငန်းဖွင့်ပွဲအခမ်းအနား၊ ဖျာပုံမြို့နယ် သလိပ်ကြီး-တူးမြောင်း-ဂျိုဝါကြံခင်း ကျေးရွာချင်းဆက်လမ်းပေါ်ရှိ ကျေးရွာချင်းဆက်တံတားဖွင့်ပွဲအခမ်းအနားနှင့် ကျိုက်လတ်မြို့နယ် ဂွေးချောင်းကြီး တံတားဖွင့်ပွဲအခမ်းအနားများကို ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာနေရာများ၌ ကျင်းပသည်။
ဦးစွာ ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ်ရှိ သူဌေးကုန်း-တာပြတ်-ဝါးရုံစုကျေးရွ ာဆိုလာအသေးစားဓာတ်အားပေးစနစ် မီးလင်းရေးလုပ်ငန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ယခုဖွင့်လှစ်သည့် သူဌေးကုန်း- တာပြတ်- ဝါးရုံစု ဆိုလာအသေးစားဓာတ်အားစနစ်တွင် ကျေးရွာဆိုလာ ၁၆၈ ဒသမ ၉၆ ကီလိုဝပ်၊ အရန်ဒီဇယ် အင်ဂျင်စနစ် ၁၁၂ ကီလိုဝပ်ပါဝင်ပြီး စီမံကိန်းကို နိုင်ငံတော်ရန်ပုံငွေမှ ၆ဝ ရာခိုင်နှုန်း၊ ကျေးရွာပြည်သူမှ ၂၀ ရာခိုင်နှုန်း၊ တာဝန်ယူဆောင်ရွက်သည့်ကုမ္ပဏီမှ ၂၀ ရာခိုင်နှုန်းထည့်ဝင်ကာ ZLT Super Electrical ကုမ္ပဏီက တာဝန်ယူတည်ဆောက်ခဲ့ကြောင်း၊ စီမံကိန်းမှ ကျေးရွာရှိ အိမ်ထောင်စုပေါင်း ၁၀၀ ကျော် အကျိုးခံစားခွင့် ရရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။ ထို့နောက် သူဌေးကုန်း-တာပြတ်-ဝါးရုံစုကျေးရွာ ဓာတ်အားပေးစနစ်ကို တာဝန်ယူတည်ဆောက်ခဲ့သော ZLT Super Electrical ကုမ္ပဏီလီမိတက် မန်နေးဂျင်းဒါရိုက်တာက လုပ်ငန်းဆောင်ရွက်ခဲ့မှုအခြေအနေများကို ရှင်းလင်းပြောကြားပြီး ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။
ယင်းနောက် ဆိုလာအသေးစားဓာတ်အားပေးစနစ် မီးလင်းရေးလုပ်ငန်းကို ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်နှင့် ZLT Super Electrical ကုမ္ပဏီမှ တာဝန်ရှိသူတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ဓာတ်အားပေးစက်ရုံနှင့် ကျေးရွာတွင်း လျှပ်စစ်ဓာတ်အားသွယ်တန်းထားမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ် သလိပ်ကြီး- တူးမြောင်း-ဂျိုဝါကြံခင်း ကျေးရွာချင်းဆက်လမ်းပေါ်ရှိ ကျေးရွာချင်းဆက်တံတားဖွင့်ပွဲအခမ်းအနား သို့ တက်ရောက်ကြရာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြေားကြားကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျေးဇူးတင်စကားပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်တို့က ကျေးရွာချင်းဆက် တံတားသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး တံတားအား ဖြတ်သန်းကြည့်ရှုကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျိုက်လတ်မြို့နယ် ဂွေးချောင်းကြီးကျေးရွာအဝင် လမ်းပေါ်ရှိ ကွန်ကရစ်တံတားသစ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်တို့က တံတားသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တံတား အားဖြတ်သန်းကြည့်ရှုကြသည်။
အဆိုပါ ဂွေးချောင်းကြီးကျေးရွာအဝင်ကွန်ကရစ်တံတားသစ်သည် အရှည်ပေ ၅၀၊ အကျယ် ပေ ၂၀ ရှိပြီး ပတ်ဝန်းကျင်ကျေးရွာ ၁၃ ရွာမှ အိမ်ခြေ ၁၂၄၀၊ လူဦးရေ ၅၅၁၅ ဦးတို့ကို တိုက်ရိုက်အကျိုးခံစားခွင့် ရရှိမည်ဖြစ်သည့်အပြင် ကျေးရွာတောင်သူများ၏ စိုက်ပျိုးဧက ၅၄၀၀ ကျော်ကိုပါ လွှမ်းခြုံအကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် ဒေသခံတောင်သူများအနေဖြင့် စိတ်တူ ကိုယ်တူဆန္ဒတူသူများစုပေါင်း၍ သမဝါယမအသင်းများဖွဲ့စည်းကာ စီးပွားဖြစ်လယ်ယာကုန်ထုတ်လုပ်ငန်းများ ပေါ်ထွန်းလာရေးအတွက် အားလုံးပူးပေါင်းလုပ်ဆောင်ကြရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားပြီး ဒေသခံပြည်သူများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်