Skip to main content

ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း ဆေးတက္ကသိုလ် (တောင်ကြီး) တောင်ကြီးမြို့ရှိ ပြည်သူ့ဆေးရုံကြီးများနှင့် ဒေသန္တရကျန်းမာရေးဌာန ကြည့်ရှုစစ်ဆေး

နေပြည်တော် ဖေဖော်ဝါရီ ၆

ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် အမျိုးသမီးနှင့် ကလေးဆေးရုံ (တောင်ကြီး) သို့ ရောက်ရှိပြီး ဆေးကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် တည်ဆောက်ဆဲ လေးခန်းတွဲ သုံးထပ်ဝန်ထမ်းအိမ်ရာကို ကြည့်ရှုစစ်ဆေးပြီး ဆေးကုသရေးလုပ်ငန်းများ ပိုမိုတိုးတက်စေရေး ဆောင်ရွက်ကြရန် မှာကြားကာ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တောင်ကြီးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ဒေသန္တရကျန်းမာရေးဌာနသို့ ရောက်ရှိပြီး ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဌာနအဆောက်အအုံများနှင့် ဝန်ထမ်းအိမ်ရာများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားဖြည့်ဆည်းပေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိပြီး အသစ် ဖွင့်လှစ်ထားသော ငါးထပ်ဆောင်သစ်၌ ဆေးကုသဆောင်များ ပြောင်းရွှေ့၍ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်၍ အရေးပေါ်နှင့်ပြင်ပလူနာဌာန၊ အထူးကုပြင်ပလူနာဌာနနှင့် ကင်ဆာဓာတ်ရောင်ခြည်ဌာနသို့သွားရောက်၍ လူနာများနှင့်တွေ့ဆုံ အားပေးစကားပြောကြားပြီး အထူးကုပြင်ပလူနာဌာနများ ဆောင်ရွက်နေမှုနှင့် ဓာတ်ရောင်ခြည်ကုသရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ဆေးရုံအုပ်ကြီး၊ အထူးကုဆရာဝန်ကြီးများနှင့် တွေ့ဆုံကာ အထူးကုပြင်ပလူနာဌာန အဆင့်မြှင့်တင်နိုင်ရေးနှင့် ဓာတ်ရောင်ခြည်ကုသမှုများ ပိုမိုတိုးတက်ဆောင်ရွက်နိုင်ရေးနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးကာ တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဆေးတက္ကသိုလ် (တောင်ကြီး) သို့ ရောက်ရှိပြီး ပါမောက္ခချုပ် ပါမောက္ခဒေါက်တာလှဝင်းမြင့်နှင့် ဘာသာရပ်ဆိုင်ရာ ပါမောက္ခ/ဌာနမှူးများ၊ သင်ကြားရေးဆိုင်ရာ အထူးကုဆရာဝန်ကြီးများနှင့် တွေ့ဆုံ၍ ဆေးပညာသင်ကြားရေးလုပ်ငန်းများ အဆင်ပြေစွာ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များ ညှိနှိုင်း ဖြည့်ဆည်းပေးသည်။

ဆက်လက်၍ တောင်ကြီးမြို့ သူနာပြုသင်တန်းကျောင်းသို့ ရောက်ရှိပြီး စာသင်ဆောင်၊ သင်တန်းသား သင်တန်းသူအဆောင်များသို့ လှည့်လည်ကြည့်ရှုစစ်ဆေးကာ သင်တန်းသား သင်တန်းသူများ နေထိုင်စားသောက်မှု အဆင်ပြေစွာဖြင့် သင်ယူမှုများ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များ မှာကြားဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်