တောင်ကြီး ဖေဖော်ဝါရီ ၆
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးအေးလှိုင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်၏ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကစားကွင်း၊ အားကစားရုံများသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် အားကစားကွင်းသို့ ရောက်ရှိစစ်ဆေးရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ ဦးခွန်ရဲထွေးက အားကစားကွင်း၊ အားကစားရုံများ တည်ဆောက်ထားရှိမှုနှင့် အားကစားပြိုင်ပွဲများ ကျင်းပနိုင်မှုအခြေအနေများကို ရှင်းလင်းတင်ပြရာ အားကစားကွင်း၊ အားကစားရုံများတွင် လူတိုင်းလေ့ကျင့်ကစားနိုင်အောင် အထောက်အကူပစ္စည်းများ ပြည့်စုံစွာ စီစဉ်ပေးရန်နှင့် လုပ်ငန်းသုံးပစ္စည်းများကို ရေရှည်အသုံးပြုနိုင်ရေးအတွက် တာဝန်ရှိသူများက ကြပ်မတ်ထိန်းသိမ်းရန် မှာကြားပြီး ရုံးခန်းမအတွင်း၌ တာဝန်ထမ်းဆောင်နေသည့် အရာထမ်း၊ အမှုထမ်းများကို တွေ့ဆုံ၍ တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရုံးသို့ ရောက်ရှိရာ ဒေသဥက္ကဋ္ဌ ဦးခွန်ရဲထွေးက အားကစားကွင်း၊ အားကစားရုံအသစ်တည်ဆောက်ရန် မြေနေရာ ၃၁ဒသမ ၃၄ ဧက ရွေးချယ်ထားရှိမှုကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လက်ခံရယူကြပြီး ရွေးချယ်ထားရှိသည့် မြေနေရာသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အားကစားနှင့်ကာယပညာသိပ္ပံ (တောင်ကြီး) သို့ ရောက်ရှိပြီး ခန်းမအတွင်း၌ အားကစားနှင့်ကာယပညာသိပ္ပံ (တောင်ကြီး) ရှိ အရာထမ်း၊ အမှုထမ်းများ၊ အားကစားနှင့်ကာယပညာသိပ္ပံ (လွိုင်ကော်) မှ ယာယီနေရပ်စွန့်ခွာ အရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံ၍ အမှာစကားပြောကြားကာ အားကစားနှင့်ကာယပညာသိပ္ပံ (လွိုင်ကော်) မှ ယာယီနေရပ်စွန့်ခွာမိသားစုဝင်များအတွက် အဝတ်အထည်၊ စားသောက်ဖွယ်ရာနှင့် ထောက်ပံ့ငွေတန်ဖိုး ငွေကျပ် ၁၀၃၆၅၀၀ဝ၊ အားကစားနှင့်ကာယပညာသိပ္ပံ (တောင်ကြီး) ရှိ အရာထမ်း၊ အမှုထမ်းများအတွက် ထောက်ပံ့ငွေ ကျပ် ၁၅၀၀၀၀ဝ၊ ထောက်ပံ့ငွေ စုစုပေါင်းငွေကျပ် ၁၁၈၆၅၀၀ဝ ထောက်ပံ့ပေးအပ်ပြီး အားကစားနှင့်ကာယပညာသိပ္ပံ (တောင်ကြီး) ရှိ မီတာ ၄၀၀ ပြေးလမ်းပါ ဘောလုံးကွင်း၊ သင်တန်းသား သင်တန်းသူ အိပ်ဆောင်၊ လေ့ကျင့်ရေးအားကစားရုံနှင့် လေ့ကျင့်ရေး ရေကူးကန်တို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်