Skip to main content

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့မှာ တပ်မတော်မှ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ် ၆၀ ကျော် မီးလောင်ပျက်စီးခဲ့‌ကြောင်း သတင်းတု၊ သတင်းမှားများကို မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော် ဖေဖော်ဝါရီ ၆

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့တွင် တပ်မတော်နှင့် AA လက်နက်ကိုင်သောင်းကျန်းသူများ ထိတွေ့တိုက်ပွဲပြင်းထန်နေပြီး တပ်မတော်မှ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် ရမ်းဗြဲမြို့ရှိနေအိမ်များ မီးလောင်ပျက်စီးသည်မှာ အလုံး ၆၀ ကျော်ထိ ရှိလာပြီဖြစ်ကြောင်း တစ်ဖက်သတ်စွပ်စွဲရေးသားထားသည့် သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်ပေါ်တွင် ပြည်သူများအထင်အမြင် လွဲမှားစေရန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

AA လက်နက်ကိုင်သောင်းကျန်းသူများအနေဖြင့် တပ်မတော်နှင့် လုံခြုံရေးတပ်စခန်းများကို တိုက်ခိုက်ရာတွင် Drone များဖြင့် ဗုံးကျဲခြင်း၊ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းများ ပြုလုပ်မှုကြောင့် မြို့၊ ရွာများအတွင်းသို့ ကျရောက်ပေါက်ကွဲကာ နေအိမ်များ မီးလောင်ပျက်စီးခဲ့သည့်ဖြစ်စဉ်များ ရှိခဲ့ကြောင်း၊ ထို့အပြင် AA လက်နက်ကိုင်သောင်းကျန်းသူများသည် စစ်ရေးပစ်မှတ်မဟုတ်သည့် ပြည်သူများ နေထိုင်ရာ အဆောက်အဦများနှင့် ပြည်သူများကို လူသားတံတိုင်းအဖြစ် အကာအကွယ်ယူ တိုက်ခိုက်လျက်ရှိပြီး ဆုတ်ခွာထွက်ပြေးချိန်များတွင် လုံခြုံရေးတပ်ဖွဲ့များ လိုက်ပါတိုက်ခိုက်မှုမရှိစေရန် နေအိမ်များကို မီးရှို့ခဲ့ကြောင်း ဒေသခံ ပြည်သူများ၏ ပြောကြားချက်များအရ သိရှိရသည်။

အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများက ထိုသို့ ပြည်သူများ ကြောက်ရွံ့ထိတ်လန့်စေပြီး နိုင်ငံတွင်းတည်ငြိမ်အေးချမ်းမှုမရှိစေရန်နှင့် တပ်မတော်၏ ဂုဏ်သိက္ခာ ကျဆင်းစေရန် သတင်းတု၊ သတင်းမှားများကို လူမှုကွန်ရက်ပေါ်တွင် ရည်ရွယ်ချက်ရှိရှိ ရေးသားဖြန့်ဝေလျက်ရှိကြောင်း သတင်းရရှိပါသည်။