Skip to main content

ငါးလုပ်ငန်းဦးစီးဌာန အရာထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ်(၂/၂၀၂၄) သင်တန်းဖွင့်လှစ်

နေပြည်တော် ဖေဖော်ဝါရီ ၅

ငါးလုပ်ငန်းရေရှည် တိုးတက်စေရေး၊ နောင်လာမည့် အနာဂတ်ကာလတွင် ငါးရိက္ခာဖူလုံစေရေးနှင့် ရေနေသတ္တဝါများ၏ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်မပျက်စီးစေရေးအတွက် မှန်ကန်ထိရောက်သော ငါးလုပ်ငန်းစီမံခန့်ခွဲမှုဖြစ်စေရန်နှင့် ငါးလုပ်ငန်းဦးစီးဌာန အရာထမ်း အမှုထမ်းများအားလုံး အရည်အချင်းမြင့်မားစေရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် အစဉ်တစိုက် ဖြည့်ဆည်းကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ယနေ့တွင် နေပြည်တော်ရုံးအမှတ်(၃၆)၌ ကျင်းပသည့် ငါးလုပ်ငန်းဦးစီးဌာန အရာထမ်းများစွမ်းဆောင် ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ်(၂/၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးက ရေချိုရေငန် ငါး၊ ပုစွန်သယံဇာတနှစ်ရပ်လုံး ပေါများကြွယ်ဝသည့် မိမိတို့နိုင်ငံအနေဖြင့် ငါးလုပ်ငန်းကဏ္ဍသည် လူမှုရေး၊ စီးပွားရေးအတွက် လွန်စွာအရေးပါသည့် အခန်းကဏ္ဍတစ်ခုဖြစ်သည်ကို သတိပြုကြရန်လိုကြောင်း၊ ပြည်တွင်းစားသုံးမှုသာမက ပြည်ပပို့ကုန်အဖြစ် နိုင်ငံခြားဝင်ငွေရရှိသော လုပ်ငန်းတစ်ခုလည်းဖြစ်ရာ မွေးမြူခြင်း၊ ဖမ်းဆီးခြင်း၊ ပြုပြင်အေးခဲထုတ်လုပ်ခြင်း၊ တင်ပို့ခြင်း စသည့်လုပ်ငန်းများတွင် မှန်ကန်စွာ ထိန်းသိမ်းစီမံခန့်ခွဲရန်လိုအပ်ကြောင်း ပြောကြားသည်။

အဆိုပါ သင်တန်းအမှတ်စဉ် (၂/၂၀၂၄) သင်တန်းတွင် ငါးလုပ်ငန်းများနှင့် စပ်လျဉ်းသည့် စီမံခန့်ခွဲမှုလုပ်ငန်းများ၊ ရုံးလုပ်ငန်း၊ ငွေစာရင်းလုပ်ငန်း၊ ဒေသအလိုက် ဆောင်ရွက်လျက်ရှိသည့် ငါးလုပ်ငန်းဖွံ့ဖြိုး ရေးဆိုင်ရာများကို စနစ်တကျပိုမိုသိရှိနိုင်စေရေး အတွက် တိုင်းဒေသကြီး၊ ပြည်နယ်များမှ သင်တန်းသား သင်တန်းသူ ၂၁ ဦး၊ အွန်လိုင်းဖြင့် တက်ရောက်သူ ငါးဦး စုစုပေါင်း သင်တန်းသား သင်တန်းသူ ၂၆ ဦး တက်ရောက်ကြမည်ဖြစ်ပြီး သင်တန်းကာလ ငါးရက် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်