နေပြည်တော် ဖေဖော်ဝါရီ ၅
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အင်္ဂလိပ်စာကျွမ်းကျင်မှု စွမ်းရည်မြှင့်သင်တန်းအမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး စုပေါင်းခန်းမ၌ ကျင်းပရာ ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး၊ အတွင်းရေးမှူးနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်စွာ ပြောဆိုနိုင်ရန်
အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌက မြန်မာနိုင်ငံအနေဖြင့် ၂၀၂၆ ခုနှစ်တွင် ASEAN-PAC အစည်းအဝေးကို လက်ခံကျင်းပရမည်ဖြစ်ရာ ကော်မရှင်ရုံးဝန်ထမ်းများ၏ စုပေါင်းအင်အားဖြင့် အောင်မြင်စွာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ASEAN-PAC အစည်းအဝေးတွင် ဝန်ထမ်းများအနေဖြင့် မိမိတို့ကျရာတာဝန်ကို ကျေပွန်စွာဖြင့် ထမ်းဆောင်ကြရမည်ဖြစ်ရာ အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်စွာ ပြောဆိုနိုင်စေရန် ရည်ရွယ်၍ ယခုသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရာတွင် ဒေသတွင်းအဖွဲ့အစည်းများ၊ နိုင်ငံတကာအဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် အပြန်အလှန် ဆက်သွယ်ဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊ ကော်မရှင်ရုံးဝန်ထမ်းများအနေဖြင့် ကမ္ဘာ့အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရန် ဘာသာစကားနှင့် နည်းပညာကျွမ်းကျင်မှုရှိစေရေး စဉ်ဆက်မပြတ် လေ့လာသင်ယူရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားသည်။
သင်တန်းကာလ ရက်သတ္တပတ် ရှစ်ပတ်
အင်္ဂလိပ်စာ ကျွမ်းကျင်မှု စွမ်းရည်မြှင့်သင်တန်းသို့ သင်တန်းသား သင်တန်းသူ ၂၅ ဦး တက်ရောက်ပြီး သင်တန်းကာလမှာ ဖေဖော်ဝါရီ ၅ ရက်မှ မတ် ၂၉ ရက် အထိ ရက်သတ္တပတ် ရှစ်ပတ်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်