နေပြည်တော် ဖေဖော်ဝါရီ ၅
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဓာတ်အားခွဲရုံများ တည်ဆောက်/ မောင်းနှင်/ ထိန်းသိမ်းပြုပြင်ခြင်းသင်တန်းအမှတ်စဉ်(၁/၂၀၂၄)နှင့် အင်ဂျင်နီယာများစီမံခန့်ခွဲရေးသင်တန်း အမှတ်စဉ်(၁/၂၀၂၄) သင်တန်းများ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန နေပြည်တော်ဗဟိုသင်တန်းကျောင်း၌ ကျင်းပသည်။
အခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ ဒုတိယဝန်ကြီး ဦးအေးကျော်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ဌာနအကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက သင်တန်းတွင်ထူးချွန်သူများကို တစ်ဆင့်မြှင့်ပညာရပ်များ ဆက်လက်သင်ယူနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းရေးရာကိစ္စရပ်များကို ဆောင်ရွက်တတ်စေရန်နှင့် AMI စနစ်ကို Energy Meter, Server, Database နှင့် ဆက်သွယ်ရေးနည်း ပညာပေါင်းစပ်ပြီး ခေတ်မီသည့် မီတာဖတ်ရှုမှုစနစ်၊ ဓာတ်အားကွပ်ကဲ/ ထိန်းသိမ်းမောင်းနှင်သည့် စနစ်တို့၏ လုပ်ဆောင်မှုကို သိရှိနားလည်စေရန်သင်တန်းကို စီမံဖွင့်လှစ်သည့်အတွက် ထိုက်သင့်သည့်ပညာရပ် အခြေခံကောင်းများရရှိမည်ဖြစ်ကြောင်း၊ သင်တန်းမှသင်ကြားပို့ချချက်များ၊ အပြန်အလှန်ဆွေးနွေးခြင်းမှရရှိသည့် အသိပညာ၊ အတွေ့အကြုံများနှင့်ဝန်ကြီးဌာန၏ မူဝါဒ၊ ချမှတ်ထားသော စည်းကမ်းများနှင့်အညီ လျှပ်စစ်အင်ဂျင်နီယာကောင်းများအဖြစ် ဌာနအကျိုး၊ ပြည်သူ့အကျိုး၊ နိုင်ငံ့အကျိုးတို့ကို စိတ်ကောင်းစေတနာအပြည့်နှင့် စွမ်းစွမ်းတမံ ကြိုးစားအားထုတ်ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း ပြောကြားသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဓာတ်အားခွဲရုံများ တည်ဆောက်/ မောင်းနှင်/ ထိန်းသိမ်းပြုပြင်ခြင်းသင်တန်း အမှတ်စဉ်(၁/၂၀၂၄)ကို သင်တန်းသား၂၅ဦး ဖြင့်လည်းကောင်း၊ အင်ဂျင်နီယာများ စီမံခန့်ခွဲရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၄)ကို သင်တန်းသား ၂၄ဦးဖြင့်လည်းကောင်း စာတွေ့လက်တွေ့ ရက်သတ္တငါးပတ်ကြာ ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် နေပြည်တော် ဗဟိုသင်တန်းကျောင်းဝင်းအတွင်း ဝန်ထမ်းများ သက်သာချောင်ချိရေးနှင့် သန့်ရှင်းလတ်ဆတ်စွာစားသုံးနိုင်ရေးအတွက် ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ဦးစီးဌာနနှင့် လုပ်ငန်းများမှဌာနခွဲများအလိုက် စိုက်ပျိုးထားရှိသည့် နှစ်ရှည်သီးနှံပင်နှင့် ရာသီအလိုက် သီးနှံပင် စိုက်ခင်းများစိုက်ပျိုးထားရှိမှုနှင့် အောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်