Skip to main content

မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ နေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ကြည်ညို

နေပြည်တော် ဖေဖော်ဝါရီ ၅

မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာထွန်းလင်းတောက်ပနေမှုအား ကမ္ဘာကိုပြသရန်၊ မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်၊ နိုင်ငံတော်ကြီး သာယာဝပြောမှုရှိစေရန်နှင့် ကမ္ဘာကြီးငြိမ်းချမ်း သာယာမှုဖြစ်စေရန်ဟူသည့် ရည်ရွယ်ချက်များဖြင့် တည်ထားကိုးကွယ်ထားသည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများသည် ယနေ့တွင် လာရောက်ဖူးမြော်ကြည်ညိုကြသည်။

ဦးစွာ ဘုရားဖူးလာအဖွဲ့တို့သည် သာသနာရေးဆိုင်ရာ အခမ်းအနားကြီးများကို ခမ်းနားစွာကျင်းပနိုင်သည့် သံဃာတော်အပါး ၉၀၀ နှင့် လူပရိသတ် ၁၂၀၀ ဝင်ဆံ့ သည့် အလျား ၂၉၆ ပေ၊ အနံ ၂၁၃ ပေ၊ အမြင့် ၉၄ ပေရှိ ဗိသုကာလက်ရာများနှင့် ခမ်းနားထည်ဝါစွာ တည်ဆောက်ထားသည့် သာသနာ့ဗိမာန် အဂ္ဂါဓိပတိဝိသုံဂါမသိမ်တော်ကြီးကို လေ့လာကြည့်ရှုကြသည်။

ဆက်လက်၍ ရှင်းလင်းဆောင်၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဂေါပကအဖွဲ့နှင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ခြင်းနှင့် ထိန်းသိမ်းခြင်းလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ကျွမ်းကျင်ပညာရှင်များက မာရဝိဇယဘုရားကြီး တည်ထားကိုးကွယ်ပူဇော်ရခြင်း ရည်ရွယ်ချက်၊ ရုပ်ပွားတော်မြတ်ကြီးအား လုပ်ငန်းစဉ်အဆင့်ဆင့်ဖြင့် အောင်မြင်စွာတည်ထားပူဇော်နိုင်ခဲ့မှု၊ လက်ရှိထိန်းသိမ်းဆောင်ရွက်နေမှု၊ ခေတ်မီစက်ကိရိယာများအသုံးပြု၍ ကျောက်စာတော်များ တည်ထားဆောင်ရွက်ခဲ့မှုနှင့် သာသနာရေးဆိုင်ရာအခမ်းအနားကြီးများ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့မှုအခြေအနေတို့ကို ရှင်းလင်းပြောကြားကြပြီး မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာ တည်ထားပူဇော်နိုင်ရန် အဆင့်ဆင့်ဆောင်ရွက်ခဲ့မှု ဗီဒီယိုမှတ်တမ်းကို ပြသသည်။

ထို့နောက် ဘုရားဖူးအဖွဲ့များက ရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာတည်ထားပူဇော်နိုင်ခဲ့မှု အခြေအနေများနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းကြပြီး ရုပ်ပွားတော်မြတ်ကြီးအား အဆင်ပြေချောမွေ့စွာ လာရောက်ဖူးမြော်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးမှုများနှင့် ရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ခဲ့မှုလုပ်ငန်းစဉ် အဆင့်ဆင့်ကို အသေးစိတ်ရှင်းလင်းပြောကြားပေးမှုများအပေါ် ကျေးဇူးတင်စကား ပြောကြားကြသည်။

ယင်းနောက် ဘုရားကြီး ဘက်စုံပြုပြင်မွမ်းမံရန်အတွက် အလှူငွေများပေးအပ်လှူဒါန်းကြရာ ဘုရားဂေါပကအဖွဲ့တာဝန်ရှိသူက လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

ဆက်လက်၍ ဘုရားဖူးလာအဖွဲ့တို့သည် မာရဝိဇယရုပ်ပွားတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုကြပြီး ပဋ္ဌာန်းမြတ်ဒေသနာ ၂၄ ပစ္စည်းကို ရည်စူးလျက် လက်ရာမြောက်စွာ တည်ဆောက်ထားသော အနုလက်ရာများ မတူညီသည့် ဂန္ဓကုဋိတိုက် ၂၄ ဆောင်အတွင်း လှည့်လည်ကြည့်ရှုလေ့လာကြသည်။

ထို့နောက် ဘုရားဖူးလာအဖွဲ့တို့သည် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး မျက်နှာမူရာ ရှေ့တူရူအရပ်တွင် မြတ်ဗုဒ္ဓ၏ ဟောကြားခဲ့သော တရားတော်များဖြစ်သည့် သုတ္တန်၊ ဝိနည်း၊ အဘိဓမ္မာတို့၏ ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်ကျမ်းစာများကို ပါဠိအက္ခရာ၊ ရိုမန်ဘာသာတို့ဖြင့် ရေးထိုးထားသည့် ကျောက်စာရုံစေတီ ၇၂၀ ရှိ ကျောက်စာချပ်ရေ ၁၄၄၀ နှင့် ပင်မကျောက်စာရုံ စေတီရှိ ကျောက်စာလေးချပ် စုစုပေါင်းကျောက်စာချပ် ၁၄၄၄ ချပ်နှင့် အခြားသာသနိက အဆောက်အဦများကို ဆက်လက် ဖူးမြော်လေ့လာကြည်ညိုကြသည်။

အလားတူ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တိုင်းဒေသကြီးနှင့်ပြည်နယ်လမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) အင်ဂျင်နီယာ ၅၁ ဦး နှင့် အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူ ဘုရားဖူးပြည်သူများလည်း လာရောက်ဖူးမြော် ကြည်ညိုလျက်ရှိကြကြောင်း သိရသည်။

ယနေ့တွင် လာရောက်ဖူးမြော်ကြသည့် မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ စကားသံများကို ယခုလို ကြားသိရသည်-

ကျွန်မတို့အနေနဲ့ မန္တလေးတိုင်းဒေသကြီးကနေ လုပ်ငန်းတာဝန်တွေ ထမ်းဆောင်နေရာကနေ ဒီဘုရားကြီးကို ပထမဦးဆုံးအကြိမ် လာရောက်ဖူးမြော်ရခြင်းဖြစ်ပါတယ်။ အခုလိုဘုရားကြီးကို လာရောက်ဖူးမြော်ဖို့စီစဉ်ပေးတဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနက တာဝန်ရှိသူအားလုံးကိုလည်း ကျေးဇူးတင်ကြောင်း ဒီနေရာကနေ ပြောကြားချင်ပါတယ်။ ဒီဘုရားကြီးဟာဆိုရင် အစ်မတို့ မြန်မာနိုင်ငံမှာ ထိုင်တော်မူအနေနဲ့ အကြီးဆုံးဖြစ်ပြီး သပ္ပာယ်လှတဲ့ဘုရားကြီးဖြစ်ပါတယ်။ အစ်မတို့ လာရောက်ဖူးမြော်ရသလို အနယ်နယ်အရပ်ရပ်ကနေပြီးတော့ ဗုဒ္ဓဘာသာဝင်တိုင်း လာရောက်ဖူးမြော်သင့်တဲ့ ဘုရားတစ်ဆူလို့ အစ်မတို့အနေနဲ့ အကြုံပြုချင်ပါတယ်။

ကျွန်တော်တို့ဟာ ဒီနေ့မှာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနကနေပြီးမှ အနယ်နယ်အရပ်ရပ်မှာ တာဝန်ထမ်းဆောင်နေကြတဲ့ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) များနဲ့အတူ လမ်းဦးစီးဌာနမှ တာဝန်ရှိသူများနဲ့ အတူစုပေါင်းပြီး ဒီဘုရားကြီးကို လာရောက်ဖူးမြော်ကြည်ညိုကြတာဖြစ်ပါတယ်။ အင်မတန်ဝမ်းသာပါတယ်။ ကျွန်တော်တို့ မြန်မာမှာ ထူးထူးဆန်းဆန်းနဲ့ တကယ့်ကို စကျင်ကျောက်တုံးတော်ကြီးကို တည်ထားကိုးကွယ် တဲ့ နေရာမှာ မြန်မာတို့ရဲ့ သုခုမှလက်ရာတွေ၊ မြန်မာတို့ရဲ့ဗိသုကာစွမ်းအား၊ မြန်မာတို့ရဲ့ အင်ဂျင်နီယာအတတ်ပညာ စွမ်းအားတွေနဲ့ တည်ထားကိုးကွယ်ထားတဲ့ ဒီဘုရားကြီးကို ဖူးမြော်ရတဲ့အတွက် အများကြီး ဝမ်းသာဂုဏ်ယူပီတိဖြစ်ရပါတယ်။ မြန်မာတို့ရဲ့ကြီးကျယ်ခမ်းနားတဲ့ အတတ်ပညာတို့နဲ့ ဒီလိုဘုရားကျောင်းကန် စေတီတွေ၊ ဗုဒ္ဓဥယျာဉ်တော်ကြီးတွေကို တည်ထားခြင်းဖြင့်လည်း ဗုဒ္ဓသာသနာတော်ကြီးဟာ အရှည်တည်တံ့ခိုင်မြဲပြီးတော့မှ ထွန်းလင်းတောက်ပနေမယ်လို့လည်း ယုံကြည်ပါတယ်။

မင်္ဂလာပါရှင် ။ ကျွန်မကတော့ မန္တလေးတိုင်းဝန်ကြီးချုပ်ရဲ့ ပို့ဆောင်မှုနဲ့ လာရောဖူးမြော်ရပါတယ်။ ကျွန်မနာမည်က ဒေါ်တင်တင်အေးပါ။ မန္တလေး အထက- ၁၃ ကနေ အငြိမ်းစားဖြစ်ပါတယ်။ ဒီဘုရားကြီးကို စကျင်ကနေသယ်ယူတုန်းက တီဗွီကနေဖူးမြော်ရပါတယ်။ တီဗွီထဲမှာ ဖူးမြင်ရတာထက် ခုလက်တွေ့ဖူးမြော်ရတော့ သဒ္ဓါတရားပိုပြီးကြီးမားပါတယ်။ ဒီလောက်တန်ဖိုးမဖြတ်နိုင်အောင်ကြီးမားတဲ့ ဘုရားကြီးကို ရေရှည်တည်တံ့အောင်အတွက် အခုလက်ရှိလုပ်ကိုင်နေကြတဲ့ အကြီးအကဲတွေ၊ တာဝန်ရှိသူတွေ၊ ဂေါပကအဖွဲ့တွေအားလုံးကို ကျေးဇူးလည်းတင်ပါတယ်။ ဆက်လက်ပြီးတော့လည်း ရေရှည်ခိုင်မြဲအောင် ဆက်လက်ပြီး ထိန်းသိမ်းပေးကြပါလို့ အကြုံပြုချင်ပါတယ်။ ကျွန်မတို့ ဖူးမြော်သလို အားလုံးကလည်းပဲ ဒီလိုပီတိမျိုးခံစားရအောင် အနယ်နယ်အရပ်ရပ်က ဘုရားဖူးတွေကိုလည်း လာရောက်စေချင်ပါတယ်ရှင်။

သတင်းစဉ်