တောင်ကြီး ဖေဖော်ဝါရီ ၅
၂၀၂၄ ခုနှစ် ဖော်ဖော်ဝါရီ ၇ ရက်တွင် ကျရောက်မည့် (၇၇)နှစ်မြောက် ရှမ်းပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ အဆောက်အအုံဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် တောင်ကြီးမြို့နယ် အေးသာယာမြို့ ခပေါင်းရေကြည်ရပ်ကွက်ရှိ အဆိုပါအဆောက်အအုံ ၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဒေါက်တာဘရွှေနှင့် ခွန်စံလွင်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမင်းသိန်းဇံ၊ ဒေါက်တာစိုးဝင်း၊ Jeng Phang နော်တောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူးကြီး ဒေါက်တာ ကျန်းကျိဟုန်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာဇော်မြင့်၊ ဒေါက်တာအေးထွန်း၊ ဦးဇော်အေးမောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်းရေးအဖွဲ့(မြန်မာ)မှ ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသူများနှင့် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ တက်ရောက်ကြသည်။
ဦးစွာ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ အဆောက်အအုံကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဦးမင်းသိန်းဇံ၊ ဒေါက်တာစိုးဝင်း၊ Jeng Phang နော်တောင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူးကြီး ဒေါက်တာကျန်းကျိဟုန်၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ဒေါက်တာအေးထွန်း၊ ဦးဇော်အေးမောင်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲချုပ်တင်ကိုကိုနှင့် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေ၊ ခွန်စံလွင်နှင့် သံမှူးကြီး ဒေါက်တာ ကျန်းကျိဟုန်တို့က ကမ္ပည်းမော်ကွန်းကျောက်စာကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကြ၍ အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းပေးကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် အခမ်းအနား ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာ ဘရွှေက ယနေ့ အခမ်းအနားကျင်းပလျက်ရှိသည့် ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာကို မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေနှင့် နိုင်ငံတော်၏ ဘဏ္ဍာရန်ပုံငွေဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ သင်တန်းစင်တာတွင် တိုင်းရင်းသားများ၏ စကား၊ စာပေ၊ အနုပညာနှင့် ယဉ်ကျေးမှုများဆွေးနွေးဖလှယ်ခြင်း၊ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရန် ဆောင်ရွက်ခြင်း၊ တိုင်းရင်းသားများ၏ အသိပညာများမြှင့်တင်ပေးခြင်း၊ မျှဝေခြင်းစသည့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ဆောင်ရွက်နိုင်ရန်နှင့် ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားများအားလုံး လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် အထောက်အကူပြုဖြစ်စေမည့် အသက်မွေးဝမ်းကျောင်းပညာ သင်တန်းများ၊ တိုင်းရင်းသားရိုးရာလက်မှုပညာ သင်တန်းများ စသည်တို့ကို ဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်များဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ တိုင်းရင်းသားများ၏ ဖွံ့ဖြိုး တိုးတက်ရေးသည် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးပင်ဖြစ်သည့်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများအားလုံးနှင့် တိုင်းရင်းသားပြည်သူများအားလုံးက ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က မိမိတို့ဝန်ကြီးဌာနသည် တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တိုင်းရင်းသားဒေသများတွင် လိုအပ်လျက်ရှိသည့် အသက်မွေးဝမ်းကျောင်းပညာ သင်တန်းများကို ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း၊ ယခု ရှမ်းပြည်နယ်တွင် စင်တာအဆောက်အအုံကို တရားဝင်ဖွင့်လှစ်နိုင်ပြီဖြစ်သည့်အတွက် တိုင်းရင်းသားလူငယ်များအတွက် ကွန်ပျူတာသင်တန်း၊ မော်တော် ဆိုင်ကယ်စက်ပြင်သင်တန်းနှင့် ဒေသနှင့် ကိုက်ညီသင့်မြတ်လျော်ကန်မည့် သက်မွေးပညာ ကာလတိုသင်တန်းများကို နှစ်စဉ်ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် သံမှူးကြီး ဒေါက်တာ ကျန်းကျိဟုန်တို့ကအမှာစကားပြောကြားကြပြီး ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် စင်တာအဆောက်အအုံကို တာဝန်ယူတည်ဆောက်ပြီးစီးခဲ့သည့် မိုးယံဝင့်ချီကုမ္ပဏီလီမိတက်မှ အကြံပေး အင်ဂျင်နီယာ ဦးဘငြိမ်းက တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကိုထံ စင်တာအဆောက်အအုံ ဆိုင်ရာ အချက်အလက်များကို လွှဲပြောင်းပေးအပ်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဧည့်သည်တော်များသည် သင်တန်းစင်တာ ပင်မလေးထပ်ဆောင် အဆောက်အအုံအတွင်းရှိ သင်တန်းသူ သင်တန်းသား အိပ်ဆောင်များ၊ စာသင်ခန်းများ၊ အလုပ်ရုံများနှင့် ထမင်းစားဆောင်များကို လှည့်လည်ကြည့်ရှုကြပြီး မော်တော်ဆိုင်ကယ်စက်ပြင်သင်တန်းမှ နည်းပြများနှင့် သင်တန်းသားများကို ရင်းရင်းနှီးနှီးတွေ့ဆုံ၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်