Skip to main content

မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ နေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ကြည်ညို

နေပြည်တော် ဖေဖော်ဝါရီ ၅

မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာထွန်းလင်းတောက်ပနေမှုအား ကမ္ဘာကိုပြသရန်၊ မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်၊ နိုင်ငံတော်ကြီး သာယာဝပြောမှုရှိစေရန်နှင့် ကမ္ဘာကြီးငြိမ်းချမ်းသာယာမှုဖြစ်စေရန်ဟူသည့် ရည်ရွယ်ချက်များဖြင့် တည်ထားကိုးကွယ်ထားသည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက် ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများသည် ယနေ့တွင် လာရောက်ဖူးမြော်ကြည်ညိုကြသည်။

ဦးစွာ ဘုရားဖူးလာအဖွဲ့တို့သည် သာသနာရေးဆိုင်ရာအခမ်းအနားကြီးများကို ခမ်းနားစွာကျင်းပနိုင်သည့် သံဃာတော်အပါး ၉၀၀ နှင့် လူပရိသတ် ၁၂၀၀ ဝင်ဆံ့သည့် အလျား ၂၉၆ ပေ၊ အနံ ၂၁၃ ပေ၊ အမြင့် ၉၄ ပေရှိ ဗိသုကာလက်ရာများနှင့် ခမ်းနားထည်ဝါစွာ တည်ဆောက်ထားသည့် သာသနာ့ဗိမာန်အဂ္ဂါဓိပတိဝိသုံဂါမ သိမ်တော်ကြီးကို လေ့လာကြည့်ရှုကြသည်။

ဆက်လက်၍ ရှင်းလင်းဆောင်၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဂေါပကအဖွဲ့နှင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ခြင်းနှင့် ထိန်းသိမ်းခြင်းလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ကျွမ်းကျင်ပညာရှင်များက မာရဝိဇယဘုရားကြီးတည်ထား ကိုးကွယ်ပူဇော်ရခြင်း ရည်ရွယ်ချက်၊ ရုပ်ပွားတော်မြတ်ကြီးအား လုပ်ငန်းစဉ်အဆင့်ဆင့်ဖြင့် အောင်မြင်စွာတည်ထားပူဇော်နိုင်ခဲ့မှု၊ လက်ရှိထိန်းသိမ်းဆောင်ရွက်နေမှု၊ ခေတ်မီစက်ကိရိယာများအသုံးပြု၍ ကျောက်စာတော်များ တည်ထားဆောင်ရွက်ခဲ့မှုနှင့် သာသနာရေးဆိုင်ရာအခမ်းအနားကြီးများ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့မှု အခြေအနေတို့ကို ရှင်းလင်းပြောကြားကြပြီး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာ တည်ထားပူဇော်နိုင်ရန် အဆင့်ဆင့်ဆောင်ရွက်ခဲ့မှု ဗီဒီယို မှတ်တမ်းကို ပြသသည်။

ထို့နောက် ဘုရားဖူးအဖွဲ့များက ရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာတည်ထားပူဇော်နိုင်ခဲ့မှု အခြေအနေများနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းကြပြီး ရုပ်ပွားတော်မြတ်ကြီးအား အဆင်ပြေချောမွေ့စွာ လာရောက်ဖူးမြော်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးမှုများနှင့် ရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ခဲ့မှု လုပ်ငန်းစဉ်အဆင့်ဆင့်ကိုအသေးစိတ် ရှင်းလင်းပြောကြားပေးမှုများအပေါ် ကျေးဇူးတင်စကားပြောကြားကြသည်။

ယင်းနောက် ဘုရားကြီးဘက်စုံ ပြုပြင်မွမ်းမံရန်အတွက် အလှူငွေများပေးအပ်လှူဒါန်းကြရာ ဘုရားဂေါပကအဖွဲ့တာဝန်ရှိသူက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

ဆက်လက်၍ ဘုရားဖူးလာအဖွဲ့တို့သည် မာရဝိဇယရုပ်ပွားတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုကြပြီး ပဋ္ဌာန်းမြတ်ဒေသနာ ၂၄ ပစ္စည်းကိုရည်စူးလျက် လက်ရာမြောက်စွာ တည်ဆောက်ထားသော အနုလက်ရာများမတူညီသည့် ဂန္ဓကုဋိတိုက် ၂၄ ဆောင်အတွင်း လှည့်လည်ကြည့်ရှုလေ့လာကြသည်။

ထို့နောက် ဘုရားဖူးလာအဖွဲ့တို့သည် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး မျက်နှာမူရာရှေ့တူရူအရပ်တွင် မြတ်ဗုဒ္ဓ၏ဟောကြားခဲ့သော တရားတော်များဖြစ်သည့် သုတ္တန်၊ ဝိနည်း၊ အဘိဓမ္မာတို့၏ ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်ကျမ်းစာများကို ပါဠိအက္ခရာ၊ ရိုမန်ဘာသာတို့ဖြင့်ရေးထိုးထားသည့် ကျောက်စာရုံစေတီ ၇၂၀ ရှိ ကျောက်စာချပ်ရေ ၁၄၄၀ နှင့် ပင်မကျောက်စာရုံစေတီရှိ ကျောက်စာလေးချပ် စုစုပေါင်းကျောက်စာချပ် ၁၄၄၄ ချပ်နှင့် အခြားသာသနိက အဆောက်အဦးများကို ဆက်လက်ဖူးမြော် လေ့လာကြည်ညိုကြသည်။

အလားတူ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) အင်ဂျင်နီယာ(၅၁)ဦးနှင့် အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူ ဘုရားဖူးပြည်သူများလည်း လာရောက်ဖူးမြော်ကြည်ညိုလျက်ရှိကြကြောင်း သိရှိရသည်။