Skip to main content

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ပုသိမ်မြို့ရှိ တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား လေ့ကျင့်ရေးသင်တန်းများ ဖွင့်လှစ်သင်ကြား

နေပြည်တော် ဖေဖော်ဝါရီ ၅

တက္ကသိုလ်များတွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသား/ကျောင်းသူများကို အခြေခံစစ်ပညာများ သင်ကြားလေ့ကျင့်ပေးခြင်းဖြင့် နိုင်ငံတော်ကာကွယ်ရေးဆိုင်ရာ အသိအမြင်များရရှိ၍ အနာဂတ်နိုင်ငံတော်၏တာဝန်များ ထမ်းဆောင်သည့်အခါတွင် အထောက်အကူရရှိကာ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များ ပိုမိုရင့်သန်လာစေရန် ရည်ရွယ်ချက်ဖြင့် ကိုယ်တိုင်ဆန္ဒပြုသည့် တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများဖြင့် လေ့ကျင့်ရေးသင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိသည်။

ထိုသို့ ဖွင့်လှစ်ပေးလျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ပုသိမ်တက္ကသိုလ်၊ နည်းပညာတက္ကသိုလ် (ပုသိမ်) ၊ ကွန်ပျူတာတက္ကသိုလ် (ပုသိမ်) နှင့် ပုသိမ် ပညာရေးဒီဂရီကောလိပ်များမှ တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများအား ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ပထမနှစ် အခြေခံစစ်ပညာသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပုသိမ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါသင်တန်းဖွင့်ပွဲသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ဝေလင်းနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တက္ကသိုလ်များနှင့် ဒီဂရီကောလိပ်အသီးသီးမှ ပါမောက္ခချုပ်များ၊ တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ဆရာ/ဆရာမများ၊ သင်တန်းတာဝန်ခံအရာရှိများ၊ သင်တန်းသား ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က သင်တန်းဖွင့်အမှာစကားများ အသီးသီးပြောကြားကြသည်။

ထို့နောက် တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများအတွက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ချီးမြှင့်ထောက်ပံ့ငွေများ ပေးအပ်ရာ ပုသိမ်တက္ကသိုလ်ပါမောက္ခချုပ်မှ လက်ခံရယူသည်။

ယင်းနောက် တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ၏ တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။