Skip to main content

နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်း

နေပြည်တော် ဖေဖော်ဝါရီ ၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ပြန်လည်ရှင်းလင်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၀)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ အထွေထွေမန်နေဂျာများ၊ လက်ထောက်အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ပြီး ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ စက်ရုံ၊ အလုပ်ရုံများမှ စက်ရုံမှူးများ၊ စိုက်ကွင်း၊ စိုက်ခြံတာဝန်ခံများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတို့မှ ဦးစီးမှူးများ၊ စက်မှုသင်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများက အွန်လိုင်းဖြင့် တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များကို အသေးစိတ်ပြန်လည်ရှင်းလင်းပြောကြားပြီး စက်မှုဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်ရမည့် နှစ်ရှည်၊ နှစ်လတ်၊ နှစ်တိုစီမံကိန်းများကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်တွင်းစားသုံးမှုဖူလုံစေရေးနှင့် ပြည်ပပို့ကုန်မြှင့်တင်နိုင်ရန်အတွက် ပြည်တွင်း၌ ထုတ်လုပ်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး တွန်းအားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ MSME များ၏ ထုတ်လုပ်မှုတန်ဖိုးများကို ပြန်လည်သုံးသပ်ရန်နှင့် စာရင်းအချက်အလက်များ မှန်ကန်မှုရှိအောင် အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ပြောကြားခဲ့သည့် လမ်းညွှန်ချက်များအား အောက်ခြေအဆင့်အထိ သိရှိအောင် ဆက်လက်ဆောင်ရွက်သွားရန် ပြောကြားသည်။

ထို့နောက် ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအပေါ် ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်ခဲ့မှုများကို ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းတာဝန်များကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့သည့် ဦးစီးဌာန၊ စက်ရုံအလုပ်ရုံများအား ဂုဏ်ပြုလက်မှတ်များပေးအပ်ပြီး နိဂုံးချုပ်အမှာစကားပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)