Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ Introduction Course on WTO(Principles and General Rules) သင်တန်းဖွင့်ပွဲသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် ဖေဖော်ဝါရီ ၅

Introduction Course on WTO (Principles and General Rules) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၃)ရှိ ညီလာခံခန်းမ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက ဝန်ကြီးဌာနသည် နိုင်ငံတကာနှင့် ကုန်သွယ်မှုကိစ္စရပ်များ ဆောင်ရွက်နေရသဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ဆောင်ရွက်ချက်များ၊ အခြေခံစည်းမျဉ်းများ၊ နိုင်ငံစုံသဘောတူညီချက်များ၊ အကောင်အထည်ဖော်ရာတွင် လိုက်ပါဆောင်ရွက်ရမည့် ကတိကဝတ်များ၊ အငြင်းပွားမှုဆိုင်ရာပြဿနာများ၊ နည်းပညာဆိုင်ရာအထောက်အပံ့များကို သိရှိစေရန်အတွက် ရည်ရွယ်ပြီး ဖွင့်လှစ်သင်ကြားပေးမည့် သင်တန်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ပွင့်လင်းမြင်သာမှုရှိရေး ကတိကဝတ်အရ ကုန်သွယ်မှုနည်းလမ်းများကို အကြောင်းကြားခြင်း (Notification) များ ဆောင်ရွက်သကဲ့သို့ ကုန်သွယ်မှု မူဝါဒဆန်းစစ်ခြင်းလုပ်ငန်းစဉ်များကိုလည်း ၂၀၁၄ ခုနှစ်က တစ်ကြိမ်၊ ၂၀၂၁ ခုနှစ်ကတစ်ကြိမ် စုစုပေါင်းနှစ်ကြိမ်ဆောင်ရွက်ခဲ့ကြောင်း၊ သင်တန်းသား၊ သူများအနေဖြင့် သင်တန်းတွင် ပို့ချမည့်သင်ခန်းစာများကို ဂရုတစိုက်လေ့လာမှတ်သားခြင်းအားဖြင့် မိမိဝန်ကြီးဌာနအတွက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်ရာတွင် အထောက်အကူပြု ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

အဆိုပါသင်တန်းတွင် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၏ WTO သံမှူးများအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူများ၊ ဂျီနီဗာမြို့ရှိ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(ရုံးချုပ်)တွင် အလုပ်သင်အဖြစ် သင်တန်းတက်ရောက်ခဲ့ဖူးသည့် အရာရှိကြီးများက သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)