Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ မန္တလေးတိုင်းဒေသကြီးရှိ တက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ်နှင့် အခြေခံပညာကျောင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော် ဖေဖော်ဝါရီ ၅

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်း၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးသန့်၊ တာ၀န်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မန္တလေးတက္ကသိုလ်သည် လာမည့်နှစ်တွင် နှစ် ၁၀၀ ပြည့်မြောက်မည့် အထင်ကရတက္ကသိုလ်ကြီးတစ်ခုဖြစ်ပါကြောင်း၊ နှစ် ၁၀၀ ပြည့်ဟူသော ဂုဏ်ပုဒ်နှင့်အညီ တာဝန်ထမ်းဆောင်ကြသော ဆရာ၊ ဆရာမများအနေဖြင့်လည်း မိမိတို့တက္ကသိုလ်ဂုဏ်ဆောင်နိုင်အောင် ကြိုးပမ်းကြစေလိုကြောင်း၊ ရာပြည့်အထိမ်းအမှတ်ပွဲတွင်လည်း ဘာသာရပ်ဆိုင်ရာဌာနများအလိုက် စာတမ်းဖတ်ပွဲများ၊ သုတေသနဆောင်ရွက်ချက်ပြခန်းများ ထည့်သွင်းပြသပြီး ဆရာ၊ ဆရာမများ တစ်ဦးချင်းအရည်အချင်းကို ဖော်ထုတ်ပြသပေးစေလိုကြောင်း၊ လူမှုနယ်ပယ်တွင် အသုံးချနိုင်သော ဝိဇ္ဇာနှင့်သိပ္ပံအသုံးချပညာရပ်များကို ကြိုးစားအကောင်အထည်ဖော် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ သုတေသနဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော သုတေသနသုံးပစ္စည်းများ၊ ဘာသာရပ်ဆိုင်ရာ စာအုပ်စာတမ်းများကိုလည်း နှစ်စဉ်တိုးချဲ့ဖြည့်ဆည်းပေးလျက်ရှိကြောင်း၊ တက္ကသိုလ်အနေဖြင့် ဘာသာရပ်များအားလုံး အားကောင်းရန်လိုအပ်ကြောင်း၊ တက္ကသိုလ်တွင်းနှင့် ကျောင်းသားဆောင်များ၊ ဆရာ၊ ဆရာမဆောင်များနှင့် ဝန်ထမ်းအိမ်ရာများအတွင်း သောက်သုံးရေနှင့် လျှပ်စစ်မီးလုံလောက်စွာရရှိရေးနှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို အမြဲအလေးထားဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တက်ရောက်လာသော ဆရာ၊ ဆရာမများ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး တက္ကသိုလ်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အမှတ်(၂၂) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၁၄) အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်ကာ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုများကို လှည့်လည်ကြည့်ရှုပြီး အမှတ်(၁၄) အခြေခံပညာအထက်တန်းကျောင်းရှိ ပန်းမျိုးတစ်ရာခန်းမ၌ မန္တလေးတိုင်းဒေသကြီးပညာရေးမှူး၊ ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူးနှင့် မန္တလေးမြို့ပေါ်ရှိ ထက်၊ လယ်၊ မူကျောင်းအုပ်ကြီးများနှင့်တွေ့ဆုံ၍ တင်ပြချက်များအပေါ် ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အခြေခံပညာဦးစီးဌာနရှိ မြတ်မင်္ဂလာခန်းမ၌ လားရှိုးပညာရေးဒီဂရီကောလိပ်နှင့် ကသာပညာရေးဒီဂရီကောလိပ်တို့မှ ကျောင်းအုပ်ကြီးများ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသူ၊ ကျောင်းသားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး နောင် ဆရာ၊ ဆရာမများအဖြစ် တာဝန်ယူရကြမည့်သူများဖြစ်သည့်အားလျော်စွာ ယခုကျောင်းသားဘဝကတည်းက ပညာကို ကြိုးစားသင်ယူလေ့လာကြရန်လိုအပ်ကြောင်း၊ မိမိတို့ရည်မှန်းချက် အောင်မြင်ရေးကြိုးစားကြရန်၊ ကောင်းမွန်သော စိတ်ဓာတ်နှင့် အကျင့်စာရိတ္တကောင်းမွန်သည့် နိုင်ငံသားကောင်းများကို အစဉ်မပြတ် ပြုစုပျိုးထောင်ပေးကြရန်နှင့် နိုင်ငံအတွက် အားထားရသူများဖြစ်အောင် ကြိုးပမ်းကြရန်လိုအပ်ပါကြောင်း မှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)