Skip to main content

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် အဆင့်မြင့်အင်္ဂလိပ်စာသင်တန်းအမှတ်စဉ် (၁/၂၀၂၄) နှင့် အင်္ဂလိပ်စာစွမ်းရည်တိုးတက်ရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၄) တက်ရောက်ဖွင့်လှစ်

နေပြည်တော် ဖေဖော်ဝါရီ ၅

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားစေရေးအတွက် အဆင့်မြင့်အင်္ဂလိပ်စာသင်တန်းအမှတ်စဉ် (၁/၂၀၂၄)နှင့် အင်္ဂလိပ်စာစွမ်းရည်တိုးတက်ရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာနစုပေါင်းခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ အမြဲတမ်းအတွင်းဝန် ဦးသိန်းဌေးဦး၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ လက်ထောက်အတွင်းဝန်/ ညွှန်ကြားရေးမှူးများ၊ အရာထမ်း၊ အမှုထမ်းများ၊ သင်တန်းနည်းပြနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဆင့်မြင့်အင်္ဂလိပ်စာသင်တန်းသို့ တက်ရောက်ကြမည့် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ပြီးခဲ့သည့် အင်္ဂလိပ်စာစွမ်းရည်တိုးတက်ရေး သင်တန်းအမှတ်စဉ်(၁/၂၀၂၃)မှ သင်ကြားတတ်မြောက်ခဲ့သည့် အခြေခံကောင်းများကိုအရင်းခံ၍ ယခင်ကထက် ပိုမိုထူးချွန်ထက်မြက်အောင် လေ့လာသင်ယူသွားကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ အလားတူ အင်္ဂလိပ်စာတိုးတက်ရေးသင်တန်း တက်ရောက်မည့် သင်တန်းသား၊ သင်တန်းသူများအနေဖြင့်လည်း အခွင့်အရေးကောင်းကို လက်လွတ်မခံဘဲ ဇွဲ၊ လုံ့လ၊ ဝိရိယ အပြည့်ဖြင့် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ အားကြိုးမာန်တက် လေ့ကျင့်သင်ယူမှတ်သားသွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း၊ မိမိတို့ဝန်ထမ်းများအနေဖြင့် အရည်အချင်းပြည့်ဝပြီး စွမ်းဆောင်ရည်မြင့်မားသည့် ဝန်ထမ်းများဖြစ်လာအောင် ကြိုးစားဆောင်ရွက်ကြရန်နှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည့် နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်အောင် အားထုတ်ကြိုးပမ်းသွားကြရန် မှာကြားသည်။

ထို့နောက် အင်္ဂလိပ်စာစွမ်းရည်တိုးတက်ရေး သင်တန်းနည်းပြ ဦးသန်းဆွေက သင်တန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းပြောကြားပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်းများ ပို့ချသင်ကြားနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)