နေပြည်တော် ဖေဖော်ဝါရီ ၅
ကျေးလက်ဒေသဖွံ့ဖြိုးမှု အထောက်အကူပြု ဝါးစိုက်ပျိုးပြုစုပျိုးထောင်ခြင်း၊ မျှစ်ချဉ်၊ မျှစ်ချို၊ မျှစ်ခြောက် လက်တွေ့ပြုလုပ်ခြင်းနှင့် ဈေးကွက်ချိတ်ဆက်ခြင်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် သစ်တောသုတေသနဌာန ရေဆင်းစုဝေးခန်းမတွင် ကျင်းပပြုလုပ်ရာသယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက် အဖွင့်အမှာစကားပြောကြားသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဝါးပေါက်ရောက်မှု တတိယအများဆုံးနိုင်ငံဖြစ်ပြီး နှစ်စဉ်ဝါးတောထွက်နှုန်းမှာ အလုံးရေ ၃၀၁ သန်းရှိကြောင်း၊ မျှစ်ထုတ်လုပ်မှုအနေဖြင့် တစ်နှစ်လျှင်ပျှမ်းမျှ ပိဿာ ၂၄ သိန်းခန့်ရှိကြောင်း၊ ဝါးစိုက်ခင်းများ တည်ထောင်ခြင်း၊ မျှစ်ထုတ်လုပ်ခြင်း၊ ဝါးအခြေခံလက်မှုပစ္စည်းနှင့် တန်ဖိုးမြှင့်အချောထည်များ ထုတ်လုပ်ခြင်းဖြင့် ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖန်တီးပေးလျက်ရှိသည့်အပြင် သွင်းကုန်အစားထိုးရန်နှင့် ပို့ကုန်မြှင့်တင်နိုင်ရေး ဒေသထွက်ကုန်ကြမ်းများကို အခြေခံသည့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ဖော်ဆောင်လျက်ရှိကြောင်း၊ ယခုသင်တန်းတွင် စီမံကိန်းဧရိယာမှ ဒေသခံများအား ရေရှည်တည်တံ့သော မျှစ်ထုတ်ယူခြင်း၊ ကုန်ကြမ်းမှကုန်ချော ထုတ်လုပ်ရောင်းချခြင်းနှင့် စျေးကွက်ချိတ်ဆက်ခြင်းဆိုင်ရာနည်းစနစ်များကို စာတွေ့လက်တွေ့ ၅ ရက် ပို့ချသွားမည်ဖြစ်သဖြင့် လက်တွေ့နယ်ပယ်တွင် အကျိုးရှိမည့် သင်တန်းတစ်ခုဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သော နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးဆိုင်ရာသင်တန်းနှင့် လေထုအရည်အသွေးစောင့်ကြည့်တိုင်းတာရေး ကိရိယာကိုင်တွယ်ခြင်းသင်တန်းဖွင့်ပွဲသို့ တက်ရောက်ပြီး အမှာစကားပြောကြားရာတွင် ယခုသင်တန်းအား လေထုညစ်ညမ်းမှုကာ ကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ စောင့်ကြည့်တိုင်းတာစစ်ဆေးခြင်းလုပ်ငန်းများတွင် စွမ်းဆောင်ရည်မြင့်မားလာစေရန်၊ လေထုညစ်ညမ်းမှုကြောင့် ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို ကြိုတင်ကာကွယ်နိုင်ရန်နှင့် ကောင်းမွန်သောပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေးစောင့်ကြည့်လေ့လာခြင်း စနစ်တစ်ခုပေါ်ပေါက်လာစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးဆိုင်ရာ အာဆီယံသဘောတူညီချက်ကို ၂၀၀၂ ခုနှစ်တွင် သဘောတူလက်မှတ်ရေးထိုးခဲ့ပြီး အာဆီယံနိုင်ငံများနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ယခုသင်တန်းတွင် သင်တန်းသား ၆၂ ဦးကို စာတွေ့ လက်တွေ့သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းသားများအနေဖြင့် လက်တွေ့နယ်ပယ်တွင် အကျိုးရှိစွာ ထိထိရောက်ရောက် အသုံးချနိုင်ရေးအတွက် ကြိုးစားလေ့လာသင်ယူသွားကြရန်မှာကြားပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)