နေပြည်တော် ဖေဖော်ဝါရီ ၅
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း သမဝါယမလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ငပုတောမြို့နယ်၊ ကျုံကူးကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာအခြေခံပညာအထက်တန်းကျောင်း၌ ကျေးရွာအုပ်စု ၁၂ အုပ်စု၊ ကျေးရွာ ၅၁ ရွာမှ အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများ၊ ကျေးရွာ ၁၄ ရွာမှ ကျေးရွာမြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များ၊ သမဝါယမအသင်း(၈)သင်းမှ အသင်းသားများ၊ ပညာရေးဌာနမှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံရာ သက်ဆိုင်ရာတာဝန်ရှိသူများက ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ကျေးလက်နေပြည်သူများ၏ တစ်မိသားစုချင်း ဝင်ငွေတိုးပွားစေရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် တစ်ပိုင်တစ်နိုင် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နိုင်စေရေး နိုင်ငံတော်အစိုးရ၏ စီမံလမ်းညွှန်မှုဖြင့် မိမိတို့ဝန်ကြီးဌာနမှ အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးရွာကုန်ထုတ်လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သမဝါယမအသင်းအဖွဲ့စနစ်ဖြင့် ဆောင်ရွက်သည့် တောင်သူများထံ လိုအပ်သည့် မျိုးကောင်းမျိုးသန့်၊ သွင်းအားစုများကို စိုက်ပျိုးချိန်အမီရရှိရေး ပေါင်းစပ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ကျေးရွာတောင်သူများမှလည်း ပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်ရမည့် စိုက်ပျိုးရေးနည်းစနစ်များအတိုင်း လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း။
ကျေးရွာများရှိ အခြေခံပညာအလယ်တန်းအဆင့် အောင်မြင်ပြီးသူများအနေဖြင့် ပုသိမ်၊ မကွေး၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီးစသည့် သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းများတွင် အခမဲ့တက်ရောက်နိုင်ကြောင်း၊ အဆိုပါသင်တန်းကျောင်း တက်ရောက်ပြီးပါက ထူးချွန်သူများအနေဖြင့် သမဝါယမကောလိပ်များ၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်များသို့ ပေါင်းကူးတက်ရောက်နိုင်မည်ဖြစ်ကြောင်း၊ ပေါင်းကူးဆက်လက်တက်ရောက်ရန် အခက်အခဲရှိသူများကိုလည်း အလုပ်အကိုင်များရရှိရေး ချိတ်ဆက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ထူးချွန်သူများအနက်မှ အမှန်တကယ် လုပ်ငန်းလုပ်ကိုင်မည့်သူများကို ရွေးချယ်ပြီး လုပ်ငန်းသုံးပစ္စည်းများ၊ အရင်းအနှီးမတည်ငွေများ ထူထောင်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ဧရာဝတီတိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့မှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်ပေးမည့်အခြေအနေများကို ရှင်းလင်းပြောကြားပြီး ဒေသခံပြည်သူများ၏ ဒေသဖွံ့ဖြိုးရေးဆိုင်ရာတင်ပြချက်များကို ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရေကျော်အောက်ကျေးရွာအုပ်စု၊ ရေကျော်ကျေးရွာသို့သွားရောက်ရှိပြီး ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ငပုတောမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ကျုံကူးကျေးရွာအပါအဝင် ကျေးရွာ(၁၃)ရွာရှိ အိမ်ခြေ(၃၀၃၄)အိမ်၊ လူဦးရေ(၁၄၀၃၁)ဦးတို့ကို အကျိုးပြုပေးနိုင်မည့် ကျုံကူး-ရေကျော်-ရေတွင်းကုန်းကျေးရွာချင်း ဆက်လမ်း ကတ္တရာထပ်ပိုးလွှာဆောင်ရွက်ပြီးစီးမှု၊ ကျေးရွာတွင်း အိမ်တိုင်ရာရောက်ရေရှိရေး ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် တောင်သူ ဦးအောင်မင်းဇော်၏ ဆောင်းသီးနှံဘိုကိတ်ပဲ စိုက်ပျိုးထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟိုင်းကြီးကျွန်းမြို့ မဟာမကုဋရံသီ ဆံတော်ရှင်မြတ်မော်တင်စွန်းစေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော် ကြည်ညိုကြပြီး စေတီရင်ပြင်တော် တိုးချဲ့ပြုပြင်နေမှုကိုကြည့်ရှုကာ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)