Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ပုသိမ်) အား ကြည့်ရှုစစ်ဆေး

နေပြည်တော် ဖေဖော်ဝါရီ ၄

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းသိန်းနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ ကြည့်ရှုစဉ်သင်တန်းကျောင်းတာဝန်ခံက သင်တန်းကျောင်း၏ လုပ်ငန်းအမျိုးအစားအလိုက် ကျွမ်းကျင်လုပ်သားများ စဉ်ဆက်မပြတ်မွေးထုတ်ပေးနိုင်ရန်နှင့် အမျိုးသားအဆင့် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ခြင်း ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ဖွင့်လှစ်ပို့ချနိုင်ရေးဆောင်ရွက်

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဧရာဝတီတိုင်းဒေသကြီးသည် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSME) ပိုမိုဖြစ် ထွန်းသောဒေသဖြစ်၍ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရန် MSME သင်တန်းများဖြစ်သည့် လယ်ယာသုံးစက်ကိရိယာများ အသုံးပြုနည်းနှင့် ပြုပြင်နည်းသင်တန်း၊ လယ်ယာသုံးဓာတ်မြေဩဇာကို ဒေသထွက်ကုန်ကြမ်းများနှင့် အချိုးအစားမှန်ကန်စွာပြုလုပ်နည်းနှင့် စနစ်တကျအသုံးပြုနည်းသင်တန်း၊ ပုသိမ်ထီးအကြမ်းပြုလုပ်ခြင်းသင်တန်းနှင့် ပုသိမ်ထီးဆေးခြယ်ရေးသင်တန်းတို့ကို သက်ဆိုင်ရာဌာနများ၊ MSME လုပ်ငန်းရှင်များနှင့် အသင်းအဖွဲ့များပူးပေါင်း၍ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ဖွင့်လှစ်ပို့ချနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါ သင်တန်းကျောင်းအနေဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်ခြောက်လတွင် လျှပ်စစ်နှင့်ဂဟေ သင်တန်းတွင် သင်တန်းသား ၈၀၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် လျှပ်စစ်နှင့်လေအေးပေးစက်တပ်ဆင် ပြုပြင်သင်တန်းတို့တွင် သင်တန်းသား ၁၀၀ မွေးထုတ်ခဲ့ပြီး ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် လျှပ်စစ်နှင့် လေအေးပေးစက်တပ်ဆင်ပြုပြင်သင်တန်းတို့တွင် သင်တန်းသား ၁၀၀ သင်တန်းပို့ချခဲ့ကြောင်းနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ခြင်းအနေဖြင့် လျှပ်စစ်အလုပ်အကိုင်ကျွမ်းကျင်မှုအဆင့် (၁)နှင့် (၂)၊ အုတ်စီ အလုပ်အကိုင်နှင့် လက်သမားအလုပ်အကိုင်တို့အတွက် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ် ရေးဌာနများတည်ထောင်ကာ စစ်ဆေးအကဲဖြတ်ခြင်း ဆောင်ရွက်ခဲ့ရာ လျှပ်စစ်အလုပ်အကိုင် ကျွမ်းကျင်မှုအဆင့်(၁)အတွက် ၂၀၃ ဦး၊ အဆင့် (၂) အတွက် ၆၃ ဦး၊ လက်သမား ကျွမ်းကျင်မှု အဆင့်(၁)အတွက် ၂၁ ဦး၊ အုတ်စီကျွမ်းကျင်မှုအဆင့် (၁) အတွက် ၂၃ ဦး စစ်ဆေးနိုင်ခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် တိုင်းဒေသကြီးနှင့် မြို့နယ်ရုံးများမှအရာထမ်း၊ အမှုထမ်းများအားတွေ့ဆုံပြီး ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ လိုက်နာနေထိုင်ရေး၊ တည်ဆဲဥပဒေများအား လေးစားလိုက်နာနိုင်ရေး၊ သက်ဆိုင်ရာတိုင်းဒေသကြီး အစိုးရအဖွဲ့မှ လုပ်ငန်းလိုအပ်ချက်အရ တာဝန်ပေးအပ်မှုကို ကျေပွန်စွာထမ်းဆောင်ကြရန် မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန တိုင်းဒေသကြီးရုံး၊ လူမှုဖူလုံရေးအဖွဲ့ တိုင်းဒေသကြီးရုံးနှင့် လူမှုဖူလုံရေးဆေးခန်း (ကျောက်ငူ) တို့အား လှည့်လည်ကြည်ရှု၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်