Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်ရှိ အရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံ

နေပြည်တော် ဖေဖော်ဝါရီ ၄

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ယနေ့မွန်းလွဲ ပိုင်းတွင် ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာန ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ကျင်းပသည့် ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနရှိ အရာထမ်း၊ အမှုထမ်းများ၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်ရှိ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ယာယီတိုက်ပွဲရှောင် အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြားသည်။

ပူးပေါင်းဆောင်ရွက်

ဦးစွာ ပြည်ထောင်စုဝန်ကြီးက မိမိတို့ တိုင်းရင်း သားအားလုံးသည် ညီရင်းအစ်ကိုသဖွယ် နိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုးသည့် စိတ်ထားရှိကြစေလိုကြောင်း၊ နိုင်ငံတော်အကြီးအကဲအနေဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာ ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် လူမျိုးဘာသာမခွဲခြားဘဲ ဆောင်ရွက်လျက်ရှိသဖြင့် ဝန်ထမ်းများအားလုံး ကျဉ်းမြောင်းသည့် အမြင်မထားရှိဘဲ မှန်ကန်စွာတွေးခေါ်ဆောင်ရွက်ကြပြီး တစ်ဦးနှင့်တစ်ဦး ချစ်ချစ်ခင်ခင်စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ နယ်မြေဒေသ အခြေအနေအရ ရှမ်းပြည်နယ်သို့ လာရောက်နေထိုင်ကြသည့် ကယားပြည်နယ်မှအရာထမ်း၊ အမှုထမ်းများအနေဖြင့်လည်း ဝန်ကြီးဌာနမှ တာဝန်ရှိသူများက လိုအပ်ချက်များ ကို ဖြည့်ဆည်းဆောင်ရွက်ပေးနေသည့်အတွက် နားလည်မှုရှိစွာဖြင့် အချိန်အတိုင်းအတာတစ်ခုအထိသည်းခံ၍ တာဝန်ထမ်းဆောင်ကြစေလိုကြောင်း၊ လက်ရှိဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်ဖြစ်ပွားခြင်းမရှိစေရေးအတွက် တစ်ဦးချင်း ကျန်းမာရေးအသိရှိရုံမျှမက မိမိတို့မိသားစုများ အားလုံး ကျန်းမာရေးအသိရှိအောင် လိုက်နာဆောင် ရွက်ကြရန်လိုကြောင်း၊ အရာထမ်း၊ အမှုထမ်းများ အားလုံး မိသားစုစိတ်ဓာတ်ကိုအခြေခံပြီး အထက်အောက်မျှတစွာ ကွပ်ကဲအုပ်ချုပ်ခြင်းဖြင့် မိမိတို့၏ အဓိကတာဝန်ဖြစ်သည့် မြန်မာ့အားကစား အောင်မြင်စေရေးကို ရှေးရှုဆောင်ရွက်ကြစေလို ကြောင်းပြောကြားသည်။

ထောက်ပံ့ပေးအပ်

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရှမ်း ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနရှိ အရာထမ်း၊ အမှုထမ်းများ၊ ရှမ်းပြည်နယ်နှင့်ကယား ပြည်နယ်ရှိ ယာယီတိုက်ပွဲရှောင် အရာထမ်း၊ အမှုထမ်းများအတွက် ထောက်ပံ့ငွေကျပ် ၄၇၂၀၀၀ဝနှင့် ဝေါလ်ကင်းရှူး၊ အတွင်းဝတ်အင်္ကျီ၊ ချွေးသိပ်ဝတ်စုံနှင့် စားသုံးကုန်ပစ္စည်းများအပါအဝင် စုစုပေါင်း တန်ဖိုးငွေကျပ် ၁၃၅၃၃၀၀ဝကို ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် အရာထမ်း၊ အမှုထမ်းများ၏ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ဖြည့်ဆည်းဆောင်ရွက်ပေးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်