Skip to main content

အညာလက်ဆောင် မြန်မာ့ရိုးရာအစားအစာ မြင်းနက်ပုံးရည်ကြီး စားသောက်ကုန်လုပ်ငန်း

ကိုဇော်(ဓာတု)၊ ဒီပါလင်း

မြန်မာ့ရိုးရာအစားအစာတစ်ခုဖြစ်သည့် ပုံးရည်ကြီးကို အညာဒေသဖြစ်သည့် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၌ အဓိကလုပ်ကိုင်လျက်ရှိသည်။ အထက်အညာဒေသ၏ အဓိကအမှတ်အသား အိမ်ပြန်လက်ဆောင်ဆိုလျှင်လည်း မှားမည်မဟုတ်ပေ။ ညောင်ဦးမြို့နယ်အတွင်း ပဲပိစပ်ကိုအခြေခံ၍ စားသောက်ကုန် ပုံးရည်ကြီးကို ထုတ်လုပ်ပြီး ဒေသစီးပွား၊ နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေး အထောက်အကူပြု ဆောင်ရွက်လျက်ရှိသည်။

ပုံးရည်ကြီးသည် ပရိုတင်းဓာတ်၊ ဗီတာမင်ဓာတ်၊ သံဓာတ်၊ လက်စီတင်ဓာတ်များ ကြွယ်ဝစွာ ပါဝင်သည့်အတွက် ကျန်းမာရေးကိုလည်း အထောက်အကူပြုသည့် အစားအစာဖြစ်သည်။ ညောင်ဦးမြို့နယ်တွင် ပုံးရည်ကြီးလုပ်ငန်း လုပ်ကိုင်သူများစွာရှိသည့်အနက် ငါ့သရောက်မြို့ ဆည်ရွာကျေးရွာမှ ဦးမျိုးဇော်နိုင်၏ မြင်းနက်တံဆိပ် ပုံးရည်ကြီး စားသောက်ကုန်လုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ပုံးရည်ကြီးလုပ်ငန်းကို ၂၀၁၃ ခုနှစ်က စတင်လုပ်ကိုင်ခဲ့ပြီး ၂၀၁၄ ခုနှစ်မှစ၍ မြင်းနက်အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်ခဲ့သည်။

ခေတ်မီစက်ကိရိယာများ အသုံးပြုထုတ်လုပ်

စတင်ထုတ်လုပ်စဉ်က ရှေးရိုးနည်းအတိုင်း ဒန်အိုး၊ ဒယ်အိုး၊ ဖျဉ်းအိုးများဖြင့် ထင်းအသုံးပြု ကျိုချက်ခဲ့သော်လည်း ၂၀၁၆ ခုနှစ်တွင် ပေါင်းအိုး (ဘွိုင်လာ) များဖြင့် ခေတ်မီစက်ကိရိယာများ အသုံးပြုထုတ်လုပ်လာနိုင်သဖြင့် ထင်းအသုံးပြုမှုကို လျှော့ချနိုင်ပြီး သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်း လာနိုင်ခြင်း၊ အချိန်ကုန် လူပင်ပန်းမှု သက်သာလာခြင်းစသည့်အကျိုးကျေးဇူးများ ခံစားရကြောင်း ဦးမျိုးဇော်နိုင်က ရှင်းပြသည်။

 ပုံးရည်ကြီးကို ပဲအမျိုးမျိုးမှ ထုတ်လုပ်နိုင်သော်လည်း ပဲပိစပ်ကိုသာ အဓိကကုန်ကြမ်းအဖြစ် အသုံးပြုကြသည်။ ပဲပိစပ်ကို ပဲခူးတိုင်းဒေသကြီး သာဝတ္ထိမြို့၊ ရေတာရှည်မြို့နယ်တို့အတွင်း ပဲပေါ်ချိန် မတ်လတွင် ကြိုတင်ဝယ်ယူ သိုလှောင်ရကြောင်းသိရသည်။

 ပုံးရည်ကြီးချက်လုပ်ရာတွင် ပထမဦးစွာ ပဲပိစပ်ကို ရေဖြင့်စင်ကြယ်အောင် အထပ်ထပ် ဆေးကြောရသည်။ ထို့နောက် ပဲကိုရေနှင့် ပြုတ်ရသည်။ ယခင်က ဖျဉ်းအိုး၊ ဒန်အိုး၊ ဒယ်အိုးကြီးများဖြင့် ပြုတ်သော်လည်း စီးပွားဖြစ်လုပ်ကိုင်သူများအနေဖြင့် ပေါင်းအိုး (ဘွိုင်လာ) ဖြင့် ပြုတ်ပါက နှစ်နာရီခွဲခန့်သာ ကြာမြင့်သည်။ ပဲပြုတ်ပြီးပါက ပဲပြုတ်ရည်ကိုခွဲထုတ်ပြီး ပဲပြုတ်ရည်ကို သိုလှောင် ထားရှိရသည်။ လိုချင်သည့်အရသာ (အချဉ်၊ အဆိမ့်)ပေါ်မူတည်၍ ပဲပြုတ်ရည်ကို ရက်အလိုက်ထားရှိပြီး ကျိုချက်ရကြောင်း သိရသည်။ ပေါင်းအိုးအသုံးပြု ကျိုချက်ပါက တစ်နာရီခန့်အပူပေးပြီး ပုံးရည်ကြီး ချက်အိုးထဲတွင် လေးနာရီခန့် ဖြည်းဖြည်းချင်း အပူပေးချက်လုပ်ရသဖြင့် အပူပေးခြင်း၊ ချက်လုပ်ခြင်းအတွက် နှစ်နာရီခန့် အချိန်ကြာမြင့်သည်။ ဖျဉ်းအိုး၊ ဒယ်အိုး၊ ဒန်အိုးဖြင့်ချက်လုပ်ပါက ခြောက်နာရီခန့် ကြာမြင့်ကြောင်း သိရသည်။

ရရှိလာသည့် ပုံးရည်ကြီးများကို အမှောင်ခန်းထဲတွင် တစ်ရက်အအေးခံ၍ သတ်မှတ်အလေးချိန် ခြင်တွယ်ပြီး အိတ်ထဲထည့်ရသည်။ ထို့နောက် လေထုတ်စက်ဖြင့်လေထုတ်ပြီး အိတ်ချုပ်ရသည်။ ဆက်လက်၍ တံဆိပ်ပါအိတ်များဖြင့် ထပ်မံချုပ်လုပ်ပြီးနောက် ငါးထုပ်ပါအိတ်များ၊ ဆယ်ထုပ်ပါ အိတ်များ၊ ဘူးများစသည်ဖြင့် ဈေးကွက်တင်ပို့ရန် ပါကင်ထုပ်ရသည်။ ပါကင်များထုပ်ပြီးပါက ဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ပြီဖြစ်သည်။ မြင်းနက်ပုံးရည်ကြီးကို ပုဂံ-ညောင်ဦး၊ ဧရာဝတီ ရန်ကုန်၊ တနင်္သာရီ၊ မန္တလေးတိုင်း‌ဒေသကြီးနှင့် မြစ်ကြီးနား၊ မြဝတီ၊ ကျိုင်းတုံစသည့် ဒေသများသို့ တင်ပို့ရောင်းချလျက်ရှိသည်။

မြင်းနက်ပုံးရည်ကြီး စားသောက်ကုန်လုပ်ငန်းအနေဖြင့် ပေါင်းအိုး(ဘွိုင်လာ) စနစ်ဖြင့် ခေတ်မီစက်ကိရိယာများ အသုံးပြုထုတ်လုပ်သဖြင့် တစ်ရက်လျှင် ပုံးရည်ကြီးပိဿာ ၅၀၀ အထိ ထုတ်လုပ်နိုင်ပြီး ဈေးကွက်အပေါ် မူတည်၍ ထုတ်လုပ်လျက်ရှိသည်ဟု သိရသည်။

မြင်းနက်ပုံးရည်ကြီးလုပ်ငန်းအနေဖြင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရေးအတွက်လည်း အထောက်အကူပြုလျက်ရှိရာ လက်ရှိတွင် အမျိုးသမီးဝန်ထမ်း ၂၈ ဦး၊ အမျိုးသားဝန်ထမ်းငါးဦးဖြင့် လုပ်ငန်းများ လုပ်ကိုင်လျက်ရှိကြောင်း၊ ဝန်ထမ်းများကို ရက်မှန်ကြေးပေးခြင်း၊ တစ်နှစ်တစ်ခါ လစာတိုးပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နိုင်ငံတော်၏ ပံ့ပိုးမှုများ

FDA အသိအမှတ်ပြုလက်မှတ်ရရှိပြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတွင် မှတ်ပုံတင်ထားရှိသဖြင့် နိုင်ငံတော်မှ MSME ဖွံ့ဖြိုးတိုးတက်ရေး ချေးငွေကျပ်သိန်း ၅၀၀ ကို ၂၀၂၃ ခုနှစ်အတွင်း ရရှိခဲ့ကြောင်း သိရသည်။

နိုင်ငံတော်၏ပံ့ပိုးမှုများနှင့်ပတ်သက်၍ “အသေးစား အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့ငွေ (ချေးငွေ) က လုံလောက်မှု နည်းနေပါသေးတယ်၊၊ ကုန်ကြမ်း က ပဲပေါ်ချိန် မတ်လကနေ နှစ်လအတွင်းသိုလှောင်နိုင်မှ အဆင်ပြေပါတယ်။ ဒီနှစ်ဆိုရင် ပဲပိစပ် တစ်အိတ် ၂၄ ပြည်ကို ကျပ် ၁၂၀၀၀၀ ပေးရတယ်။ မသိုလှောင်နိုင်ရင် ကုန်ကြမ်းပြတ်တောက်မှုနဲ့ ကြုံရတာတွေရှိပါတယ်။ ပြီးတော့ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းတွေ အတွက် ရေ၊ မီး အဆင်ပြေမယ့်နေရာတစ်ခု ဖန်တီးပေးစေချင်ပါတယ်ဟု ဦးမျိုးဇော်နိုင်က အကြံပြု ပြောကြားသည်။

မြန်မာ့လယ်ယာထွက်ကုန် ပဲပိစပ်ကိုအခြေခံ၍ စားသောက်ကုန်များကို ခေတ်နှင့်အညီ တိုးတက်သောအမြင်ဖြင့် ထုတ်လုပ်လာနိုင်ခြင်းသည် ဈေးကွက်လိုအပ်ချက်ကို အချိန်မီဖြည့်တင်းပေးနိုင် ခြင်း၊ ဒေသတွင်းစီးပွား၊ နိုင်ငံ့စီးပွား ဖွံ့ဖြိုးရေးအတွက် အထောက်အပံ့ကောင်းဖြစ်သကဲ့သို့ MSME လုပ်ငန်းကဏ္ဍတွင် တွေ့ကြုံရသည့်အခက်အခဲများ လျော့ကျရေး၊ နည်းပညာများရရှိရေး၊ ရင်းနှီးမြှုပ်နှံ မှုများရရှိရေးတို့ကို ဆောင်ရွက်ပေးနိုင်ပါက အသေးစား၊ အငယ်စား၊ အလတ်စား (MSME)လုပ်ငန်းများသည် နိုင်ငံတော်၏ စီးပွားရေး ဦးတည်ချက်သုံးရပ်တွင် တစ်ခုအပါအဝင်ဖြစ်သည့် “တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ (MSME) စက်မှု လုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေးဟူသည့်အချက်ကို အထောက် အကူပြုမည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။