Skip to main content

၂၀၂၃ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားမှ အနုပညာရှင်များ၏ ရင်ခုန်သံစကားများ

မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားသည် ရုပ်ရှင်အနုပညာသမားတို့၏ မျှော်လင့်ချက်၊ စိတ်ကူးအိပ်မက်ဖြစ်သလို ပြည်သူလူထုကလည်း ၎င်းတို့ချစ်သည့် အနုပညာရှင်များအတွက် စိတ်ဝင်တစားစောင့်ကြည့်ရင်ခုန်ကြရသည့် အခမ်းအနားတစ်ခုဖြစ်သည်။ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုကို ရုပ်ရှင်လောကမှ ထူးချွန်ထက်မြက်သည့် အသိပညာရှင်၊ အတတ်ပညာရှင်များကို ရွေးချယ်ချီးမြှင့်လေ့ရှိပြီး ယခုနှစ်သည် (၆၅) ကြိမ်မြောက် ချီးမြှင့်ခြင်းဖြစ်သည်။ ၂၀၂၃ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန် ဆုချီးမြှင့်ပွဲကို ယခင်နှစ်များနှင့်မတူ ခမ်းနားထည်ဝါစွာ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC–1) ၌ ကျင်းပနိုင်ခဲ့ရာ အခမ်းအနားသို့ တက်ရောက်လာကြသည့် အနုပညာရှင်များ၏ အကယ်ဒမီရင်ခုန်သံစကားများကို စုစည်းဖော်ပြလိုက်ရပါသည်။

အကယ်ဒမီ ဆွေဇင်ထိုက်

ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲဆိုရင် နှစ်တိုင်းကြိုးစားပြီး လာဖြစ်ပါတယ်။ အကယ်ဒမီရတဲ့ မျိုးဆက်သစ်တွေကို လက်ခုပ်တီးအားပေးတာ ဖြစ်ပါတယ်။ အကယ်ဒမီပေးပွဲဆိုတာ မရသေးတဲ့သူတွေ ကြိုးစားချင်လာအောင်၊ ရပြီးသားသူတွေ ထပ်မံရရှိအောင်ကြိုးစားဖို့ အားပေးရတာဖြစ်ပါတယ်။ ရုပ်ရှင်လောက ဆက်လက်ရှင်သန်တိုးတက်ဖို့ အကယ်ဒမီဆုချီးမြှင့်ပွဲက မရှိမဖြစ်လိုအပ်ပါတယ်။ ဇာတ်ကားကောင်းတွေနဲ့ လူငယ်သရုပ်ဆောင်ကောင်းတွေကို တွေ့ရပါတယ်။ အကယ်ဒမီပေးပွဲမှာ ဒီလိုလူငယ်တွေကို လက်ကမ်းကြိုဆိုရတာ ဖြစ်ပါတယ်။ Fashion Awards ဆုအတွက်က အသက် ၄၅ နှစ်အထက် အကြီးတန်းအကောင်းဆုံးဝတ်စားဆင်ယင်မှု အမျိုးသား၊ အမျိုးသမီးဆု နှစ်ဆုရွေးပါမယ်။ အသက် ၄၅ နှစ်အောက် မင်းသား၊ မင်းသမီး နှစ်ဆုပေးမှာဖြစ်ပါတယ်။ အကဲဖြတ်ဒိုင် ငါးဦးက အမှတ်ပေးအကဲဖြတ်ကြမှာ ဖြစ်ပါတယ်။ ရုပ်ရှင်သရုပ်ဆောင် တစ်ယောက်ဖြစ်ဖို့ဆိုရင် ပထမဦးဆုံး ဝါသနာရှင်အနေနဲ့ စတင်ရပါတယ်။ ဝါသနာရှင်ဘဝကနေ ပရော်ဖက်ရှင်နယ်ဖြစ်ဖို့ ကြိုးစားကြပါလို့ ပြောချင်ပါတယ်။

ဂျွန်လွင်

ကံကောင်းနဲ့စာရိတ္တ ရုပ်ရှင်ဇာတ်ကားတွေ ကြည့်ဖြစ်ပါတယ်။ ကံကောင်းဇာတ်ကားမှာ ပိုင်တံခွန်နဲ့ စာရိတ္တမှာ နေဝင်းကိုရစေချင်ပါတယ်။ စောင်နီလေးတစ်ထည်မှာ ကိုရန်လေးကို ရစေချင်တယ်။ ဖြစ်နိုင်ရင် ဆုပေါင်း ၁၀၀ လောက် ပေးစေချင်တယ်။ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲမှာ Fashion Awards ဆုနဲ့ ရွှေကြိုတွေကို တာဝန်ယူထားပါတယ်။ Outdoor ထက် အခုလို Indoor ကျင်းပတာက ရာသီဥတုကို ကြောက်စရာမလိုတဲ့အတွက် စနစ်ပိုကျတယ်။ Fashion Awards ဆုပေးဖို့ ဒိုင်ငါးဦးရှိပါတယ်။ Fashion Awards ဆုမှာ အဓိက ဆံပင်၊ အင်္ကျီနဲ့ ဝတ်စုံလိုက်ဖက်မှုရှိရပါမယ်။ မြန်မာဆန်ရပါမယ်။ ဒါတွေကို အဓိကထားပြီး ရွေးချယ်မှာဖြစ်ပါတယ်။ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုဆိုတာ ရုပ်ရှင်အနုပညာလောကသားတွေ အထွတ်အမြတ်ထားတဲ့ ဆုကြီးဖြစ်တဲ့အတွက် တကယ်ကြိုးစားတဲ့သူတွေ ထိုက်ထိုက်တန်တန်ရကြပါစေလို့ ဆုတောင်းပေးပါတယ်။

အကယ်ဒမီ ထက်ထက်မိုးဦး

အကယ်ဒမီဆုပေးပွဲကို တက်ရောက်ရတဲ့အတွက် ငယ်ငယ်တုန်းကလို ရင်ခုန်ရပါတယ်။ ငယ်ငယ်တုန်းက ကိုယ်ရိုက်ထားတဲ့ဇာတ်ကားတွေပါရင် ရင်ခုန်ရပြီး ဆုရတဲ့နှစ်တွေဆို ပိုပြီးရင်ခုန် ပျော်ရွှင်ရတယ်။ ဒီနှစ်အကယ်ဒမီဆု ချီးမြှင့်ပွဲက ပိုပြီးပျော်ရမယ်ထင်ပါတယ်။ အရင်နှစ်ကလို နှစ်နှစ်၊ သုံးနှစ်ပေါင်းပြီးပေးတာမျိုးမဟုတ်ဘဲ တစ်နှစ်စာတည်းအတွက် ပေးတာဖြစ်တယ်။ အကယ်ဒမီရတဲ့ အနုပညာရှင်တွေကိုလည်း ရစေချင်တဲ့သူတွေပဲ ရပါစေလို့ ဆုတောင်းပါတယ်။

ဟိန်းဝေယံ

အနုပညာရှင်တိုင်း အကယ်ဒမီဆိုရင် နှစ်တိုင်းလိုလို ရင်ခုန်ကြပါတယ်။ ကျွန်တော်တတ်နိုင်သလောက် ကြိုးစားပြီး ရိုက်ခဲ့ပါတယ်။ ဒီအပေါ်မှာ ဘာမှမျှော်လင့်ထားတာမျိုးတော့ မရှိပါဘူး။ ကျွန်တော်လုပ်နိုင်သလောက် အနုပညာအလုပ်တွေကို အကောင်းဆုံးကြိုးစားထားပါတယ်။

ဒိန်းဒေါင်

အနုပညာရှင် ညီငယ်၊ ညီမငယ်တွေ အားလုံးကိုရစေချင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကောင်းတဲ့လူရရင် ကျေနပ်ပါတယ်။ ဒီနှစ်အကယ်ဒမီပေးပွဲက အတော်ကြီးကျယ်ခမ်းနားပါတယ်။ ပြင်ဆင်မှုအပိုင်းမှာလည်း နိုင်ငံတကာစံချိန်မီ ပြုလုပ်ထားတဲ့အတွက် အားပေးကြပါ။ ကိုယ်ချစ်တဲ့အနုပညာရှင်တွေကို ရင်ထဲမှာပေးထားတဲ့အတိုင်း အပြင်မှာ ရင်ခုန်သံထပ်တူကျရဲ့လား။ တစ်ထပ်တည်းကျရင် လက်ခုပ်တီးအားပေးကြပါလို့ ပြောကြားလိုပါတယ်။

ဖိုးသောကြာ

အကယ်ဒမီဆုချီးမြှင့်ပွဲကို သီချင်းသီဆိုဖျော်ဖြေဖို့နဲ့ အကယ်ဒမီထူးချွန်ဆု ရရှိသူတွေကို အားပေးဖို့ တက်ရောက်တာဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားတွေကြည့်ဖြစ်ပါတယ်။ သရုပ်ဆောင်တွေ အားလုံး တော်ကြတဲ့သူတွေဖြစ်တဲ့အတွက် ဘယ်သူပဲရရ ဆုရရှိသူတွေအတွက် ဂုဏ်ယူပါတယ်။

အောင်ရဲလင်း

ဒီနေ့ကျွန်တော်ရင်ခုန်ပါတယ်။ ကျွန်တော့်လိုပဲ ကြိုးစားထားတဲ့ ညီအစ်ကိုတွေအတွက်လည်း ရင်ခုန်ပါတယ်။ ပရိသတ်တွေရစေချင်တဲ့ ဇာတ်ကားနဲ့ ကိုယ်တိုင်အားရတဲ့ဇာတ်ကား တစ်ထပ်တည်းကျပါတယ်။ ဒီဇာတ်ကားမှာ အမှတ်တရဆိုရင် ဆံပင်ဖြစ်ပါတယ်။ ပရိသတ်တွေက ဆံပင်နဲ့ပတ်သက်ပြီး ဝေဖန်မှုတွေရှိကြပေမယ့် ဒီဆံပင်ရှည်ကြောင့်ပဲ ကျွန်တော့်ရဲ့ ဇာတ်ရုပ်ကို ပိုပြီးပြောင်းလဲသွားစေတယ်လို့ ထင်ပါတယ်။ ညီအစ်ကို မောင်နှမတွေအားလုံးကို အကယ်ဒမီရစေချင်ပါတယ်။ ကျွန်တော်အနေနဲ့ တစ်နှစ်ထက်တစ်နှစ် သရုပ်ဆောင်ကောင်း တစ်ဦးဖြစ်အောင် ပိုပြီးကြိုးစားသွားပါမယ်လို့ ပြောချင်ပါတယ်။

ရဲရင့်အောင်

ဒီနှစ်ကျွန်တော်က အကယ်ဒမီဆုရမယ့် ညီအစ်ကိုမောင်နှမတွေကိုလာပြီး အားပေးတာပါ။ ဒီနှစ်ဆန်ခါတင်စာရင်းထဲမှာ ကျွန်တော်နဲ့ အတူတူရိုက်ဖြစ်ခဲ့တဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ ဇာတ်ကားပါဝင်တဲ့အတွက် တက်ရောက်ဖြစ်တာပါ။ ကျွန်တော်သရုပ်ဆောင်အလုပ်ကို ပထမဦးဆုံးရုပ်ရှင်ဇာတ်ကားကြီးရိုက်ပြီးတဲ့ အချိန်မှာ ဝါသနာပါတာကို သိသွားတယ်။ ဒါကြောင့် အခုနောက်ပိုင်းဇာတ်ကားလေးတွေ ရိုက်ဖြစ်ပါတယ်။ ဒီနှစ်က Indoor ဖြစ်တဲ့အတွက် အသစ်အဆန်းလေး ဖြစ်ပါတယ်။

ဝေလာရီ

ဒီနှစ်အကယ်ဒမီပေးပွဲမှာ စာရိတ္တဇာတ်ကားကြီး ဆန်ခါတင်ပါဝင်တဲ့အတွက် ရင်ခုန်စွာနဲ့ တက်ရောက်တာဖြစ်ပါတယ်။ ပရိသတ်ခန့်မှန်းထားတဲ့သူနဲ့ တကယ်ရတဲ့သူ ထပ်တူကြပါစေလို့ ဆုတောင်းပေးပါတယ်။ ဒီပွဲတက်ရောက်ရတဲ့အတွက် အကယ်ဒမီဆုတွေ ရရှိတဲ့အထိ ကြိုးစားချင်စိတ်တွေ ဖြစ်မိပါတယ်။ ရုပ်ရှင်ဇာတ်ကားတွေအများကြီးရိုက်ပြီး အကယ်ဒမီဆုတွေ ရရှိနိုင်အောင် ကြိုးစားသွားမှာပါ။ ဇာတ်လမ်းတွဲလေးတွေ ရိုက်ဖို့ရှိပါတယ်။ ဇာတ်ကားလေးတွေ ရုံတင်ပြသရင် အားပေးကြပါဦးလို့ ပြောချင်ပါတယ်။                 

မျိုးဆက်သစ်

ဓာတ်ပုံ - ဖိုးပြည့်စုံ