Skip to main content

၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်ချီးမြှင့်

နေပြည်တော် ဖေဖော်ဝါရီ ၃

၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၁ (MICC-1)၌ ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်ချီးမြှင့်ပြီး အမှာစကားပြောကြားသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်၏ ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီအဖွဲ့ဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဇနီး၊v ကျောဖုံးမှ

ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီး၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနာယကများ၊ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံသဘင်၊ ဂီတအစည်းအရုံး ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု စိစစ်အကဲဖြတ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ရုပ်ရှင်၊ စာပေ၊ သဘင်၊ ဂီတနယ်ပယ်အသီးသီးမှ အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် အနုပညာရှင်များ၊ တာဝန်ရှိသူများနှင့် အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

အခမ်းအနားမစတင်မီ တေးသံရှင်များနှင့် အနုပညာရှင်များက တေးသံသာများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ဇနီးတို့သည် အခမ်းအနားကျင်းပမည့် ကျောက်စိမ်းခန်းမအဝင် လျှောက်လမ်း၌ ပြသထားသည့် ၁၉၅၂ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရရှိကြသူများ၊ ထူးချွန်ဆုရ ဇာတ်ကားများနှင့် ထူးချွန်ဆုရအနုပညာရှင်များ၊ အတတ်ပညာရှင်များ၏ မှတ်တမ်းဓာတ်ပုံများကို ကြည့်ရှုကြသည်။

ထင်ပေါ်ကျော်ကြားခဲ့သော ရုပ်ရှင်ဇာတ်ကား (၆) ကားကို သရုပ်ဖော်တင်ဆက်

ထို့နောက် မြန်မာ့ရုပ်ရှင်ခေတ်ဦးမှ ရာပြည့်အလွန်သက်တမ်းအထိ ခေတ်အဆက်ဆက်တွင် ထင်ပေါ်ကျော်ကြားခဲ့သော ရုပ်ရှင်ဇာတ်ကား (၆) ကားကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနနှင့် Forever Group မှ အနုပညာရှင်များက ကြယ်စင်လက်ကမ်းအစီအစဉ်ဖြင့် သရုပ်ဖော်တင်ဆက်ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က စက်ခလုတ်ခုံတွင် အကယ်ဒမီ ရွှေကြယ်ကို စိုက်ထူ၍ ၂၀၂၃ ခုနှစ် အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကို ဖွင့်လှစ်ပေးသည်။

ဆက်လက်၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့က ဂုဏ်ပြုစီစဉ်တင်ဆက်သည့် “ရာပြည့်နှစ်အလွန် အကျိုးဆက်ရှာဖွေ မြန်မာ့ရုပ်ရှင်တိုးတက်ပါစေ” မှတ်တမ်း Video Clip ကို ပြသသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ယခုကဲ့သို့ မင်္ဂလာရှိသည့် အချိန်အခါသမယတွင် ရုပ်ရှင်ထူးချွန်အနုပညာရှင်ကြီးများကို ဂုဏ်ပြုခွင့်ရသည့်အတွက် မိမိအနေဖြင့် လွန်စွာဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ကမ္ဘာ့ရုပ်ရှင်သည် ၁၉ ရာစုနှောင်းပိုင်းတွင် စတင်ပေါ်ပေါက်ခဲ့ပြီး မြန်မာ့ရုပ်ရှင်သည် ၂၀ ရာစုဆန်းပိုင်းတွင် စတင်ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည့်အတွက် မြန်မာ့ရုပ်ရှင်ခေတ်ဦးသည် ကမ္ဘာနှင့်ရင်ပေါင်တန်း နိုင်ခဲ့သည်ဟု ပြောဆိုရမည်ဖြစ်ကြောင်း။

“မေတ္တာနဲ့ သူရာ” ဇာတ်ကား မြန်မာဇာတ်ကား စစ်စစ်ဖြစ်

၁၉၂၀ တွင် ပထမဆုံးရုံတင်ပြသခဲ့သည့် “မေတ္တာနဲ့သူရာ” ဇာတ်ကားသည် မြန်မာစာရေးဆရာနှင့် ဇာတ်ညွှန်းရေးဆရာတို့က ရေးသားဖော်ကျူးထားသည့် မြန်မာတို့၏ လူနေမှုဘဝ ဇာတ်အိမ်အပေါ် မြန်မာဒါရိုက်တာနှင့် ဓာတ်ပုံဆရာတို့က မြန်မာ မင်းသား၊ မင်းသမီးများနှင့်အတူ ပုံဖော်ရိုက်ကူးတင်ဆက်ထား သည့် မြန်မာဇာတ်ကားစစ်စစ်ဖြစ်ကြောင်းကို လေ့လာတွေ့ရှိရပါ ကြောင်း။

အဆိုပါဇာတ်ကားကို ဖန်တီးရိုက်ကူးတင်ဆက်ခဲ့ကြသူများဖြစ်ကြသည့် မြန်မာ့ရုပ်ရှင်ဖခင်ကြီး ဦးအုန်းမောင်နှင့်အတူ ဒါရိုက်တာကြီး ဦးတုတ်ကြီး၊ ဇာတ်ညွှန်းရေးဆရာ စာရေးဆရာကြီး ပီမိုးနင်း၊ ရုပ်ရှင်ဓာတ်ပုံဆရာကြီး ဦးမောင်မောင်၊ ရုပ်ရှင်မင်းသား ဦးဘဌေး (ဦးညီပု)၊ရုပ်ရှင်မင်းသမီး မအေးကြည် (မအေးရီ)၊ လူကြမ်းသရုပ်ဆောင် မောင်မောင်ချစ် အစရှိသည့် မြန်မာနိုင်ငံသားများကိုယ်တိုင်က ပထမဆုံးသော မြန်မာ့ရုပ်ရှင်သမိုင်းကို လှပစွာဖွင့်လှစ်ပေးခဲ့ကြသူများအဖြစ် မိမိတို့အားလုံး လေးစားအသိအမှတ်ပြုကြရမည်ဖြစ်ကြောင်း။

ရုပ်ရှင်ဇာတ်ကားပေါင်းများစွာ ထုတ်လုပ်ကြိုးပမ်းခဲ့ကြ

မြန်မာ့ရုပ်ရှင်၏ နှစ်တစ်ရာကျော်ခရီးကို ပြန်လည်ဆန်းစစ် ကြည့်မည်ဆိုပါက ရုပ်ရှင်အနုပညာ အတတ်ပညာရှင်များသည် အခက်အခဲအမျိုးမျိုးကို မည်သို့ပင်ရင်ဆိုင်တွေ့ကြုံခဲ့ကြရသော်လည်း မြန်မာနိုင်ငံသူ နိုင်ငံသားများကို ဘဝအသိ၊ ဘဝအတွေ့အကြုံများ မျှဝေပေးနိုင်သည့် ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဖန်တီးထုတ်လုပ်ကြိုးပမ်းခဲ့ကြသည်ကို တွေ့မြင်ရမည်ဖြစ်ပါကြောင်း။

တစ်နည်းအားဖြင့် အသံတိတ်မှ အသံထွက်၊ အဖြူအမည်းမှ ဆေးရောင်စုံ၊ မြင်ကွင်းငယ်မှ မြင်ကွင်းကျယ် စသည်ဖြင့် ရုပ်ရှင်နှစ်တစ်ရာကျော်ခရီးကို နိုင်ငံတကာ ရုပ်ရှင်ဖွံ့ဖြိုးမှုနှင့်အတူ လိုက်ပါပြီး ဖွံ့ဖြိုးတိုးတက်အောင် ကြံစည်ကြိုးပမ်းအားထုတ်ခဲ့ကြပါကြောင်း၊ ထိုသို့ကြိုးစားအားထုတ်ခဲ့ကြသည့် အနုပညာသူရဲကောင်း ကြီးများကိုလည်း မိမိတို့အားလုံးက လေးစားတန်ဖိုးထားပါကြောင်းကို အလေးအနက်ပြောကြား လိုပါကြောင်း။

ထို့အပြင် ကိုလိုနီခေတ်မှစပြီး ငွေရတု၊ ရွှေရတု၊ စိန်ရတုနှင့် ရာပြည့်ခေတ်တိုင်အောင် ခေတ်စနစ်အမျိုးမျိုးကြားတွင် ပျော်ရွှင်လွမ်းမောဖွယ်ရာ လူမှုဘဝများကိုသာမက နိုင်ငံတော်၏ အရေးပါသော အခန်းကဏ္ဍများ၊ နိုင်ငံ၏ ပကတိအခြေအနေများကို အနုပညာနှင့် ထင်ဟပ်ဖော်ပြတင်ဆက်နိုင်ခဲ့သည်ကိုလည်းနိုင်ငံနှင့် ပြည်သူအပေါ် မိမိတို့တတ်ကျွမ်းနားလည်သည့် အနုပညာနှင့် တာဝန်ကျေပွန်စွာ ဆောင်ရွက်ပေးနိုင်ခဲ့ပြီဟုလည်း ထပ်လောင်းပြောကြားလိုပါကြောင်း။

နိုင်ငံနှင့်ပြည်သူအပေါ် ဆက်လက်အကျိုးပြု ဖော်ဆောင်

မည်သို့ပင်ဖြစ်စေကာမူ မိမိတို့ ချစ်ခင်မြတ်နိုးရသည့် မြန်မာ့ရုပ်ရှင်အနုပညာသည် ပြောင်းလဲနေသည့် ခေတ်ရေစီးကြောင်းပေါ်တွင် ကြည်ကြည်လင်လင် သန့်သန့်စင်စင်နှင့် ဖြတ်သန်းစီးဆင်းကာ နိုင်ငံနှင့်ပြည်သူအပေါ် ဆက်လက်အကျိုးပြု ဖော်ဆောင်နိုင်ပါစေဟု တိုက်တွန်းပြောကြားလိုပါကြောင်း။

၂၀၂၃ ခုနှစ် မေလ ၁၄ ရက်နေ့တွင် ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် အနီးတစ်ဝိုက်မြို့များတွင် ကျရောက်ခဲ့သည့် ပြင်းထန်သည့် မိုခါမုန်တိုင်းဒဏ်ကြောင့် ဒေသခံပြည်သူများသည် ထိခိုက်ပျက်စီးမှုနှင့်အတူ ဆင်းရဲဒုက္ခအတိ ရောက်ရှိခဲ့ကြပါကြောင်း၊ ထိုသို့ မိုခါမုန်တိုင်းကြောင့် ထိခိုက်ခဲ့ရသည့် ဒေသခံတိုင်းရင်းသားပြည်သူများကို ရုပ်ရှင်၊ ဂီတ၊ သဘင်၊ ဟာသပညာရှင် အစည်းအရုံးများမှ အနုပညာရှင်များ စုပေါင်းပြီး တတ်နိုင်သမျှထောက်ပံ့ကူညီပေးခဲ့ခြင်း၊ ကိုယ်တိုင်ကိုယ်ကျသွားရောက်အားပေး‌ဆောင်ရွက်ခဲ့ခြင်းများ၊ ရန်ပုံငွေရရှိရေးအတွက် ပဒေသာကပွဲ၊ ဘောလုံးပြိုင်ပွဲများ ကျင်းပဆောင်ရွက်ခဲ့သည်များကို မြန်မာနိုင်ငံအတွင်းသာမက ကမ္ဘာ့နိုင်ငံအသီးသီးက မြန်မာ့အနုပညာရှင်များ၏ လှုပ်ရှားမှုများကို တွေ့မြင်ရသူတိုင်း၊ ကြားသိရသူတိုင်း ကြည်နူးဝမ်းမြောက်ခဲ့ပါကြောင်း၊ ထိုသို့ဆောင်ရွက်ပေးခြင်းသည် “အရေးကြီးရင် သွေးစည်းတယ်၊ အရေးကြုံရင်သွေးဆုံတယ်” ဆိုသည့် မိသားစုစိတ်ဓာတ်များ ပေါ်လွင်ထင်ရှားလာသကဲ့သို့ အနုပညာရှင်များ၏ စည်းလုံးညီညွတ်မှုနှင့် နိုင်ငံ့အရေးအတွက် အမျိုးသားရေးစိတ်ရှိခြင်းဆိုသည့် ပြယုဂ်ကို ပြသလိုက်ခြင်းပင်ဖြစ်ပါကြောင်း။

ရုပ်ရှင်သည် ပြည်သူအတွက်

တစ်နည်းအားဖြင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ခေတ်အဆက်ဆက် လက်ကိုင်ပြုထားသည့် “ရုပ်ရှင်သည် ပြည်သူအတွက်” ဆိုသည့် ဆောင်ပုဒ်ကို လက်တွေ့အကောင်အထည် ဖော်ဆောင်ခြင်းဖြစ်သည့်အတွက် နိုင်ငံတော်အစိုးရက အသိအမှတ်ပြုပါကြောင်းနှင့် နောင်တွင်လည်း ယခုထက်ပိုမိုအကျိုးပြုနိုင်ကြပါစေကြောင်းကို တိုက်တွန်းပြောကြားလိုပါကြောင်း။

အထူးသဖြင့် ပြောကြားလိုသည်မှာ စာပေ၊ ရုပ်ရှင်၊ ဂီတ၊ သဘင် နယ်ပယ်ကဏ္ဍအသီးသီးတွင် ပါဝင်လှုပ်ရှားဆောင်ရွက်နေကြသည့် အနုပညာရှင်များအနေနှင့် နိုင်ငံတော်၏အရေး၊ ပြည်သူများ၏ အရေးကို ယခုကဲ့သို့ ကြိုးပမ်းဆောင်ရွက်ကြသည့်အခါတွင် အရေးကြီးဆုံးအချက်အနေဖြင့် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ အရေးကိစ္စနှင့် မိမိအဖွဲ့အစည်းအရေးကိစ္စယှဉ်လာပါက အဖွဲ့အစည်းအရေး၊ ၎င်းမှတစ်ဆင့် အဖွဲ့အစည်းအရေးနှင့် နိုင်ငံ့အရေးယှဉ်လာပါကလည်း နိုင်ငံ့အရေးကိစ္စကို ဦးစားပေး ဆောင်ရွက်နိုင်ရေးမှန်ကန်စွာ ခွဲခြားသိမြင်ပြီး တိုင်းပြည်၏ အနာဂတ်၊ ပြည်သူများ၏ အနာဂတ်ကို လှပစွာ ဝိုင်းဝန်းကူညီဖော်ဆောင်ပေးကြရန် လိုအပ်မည်ဖြစ်ကြောင်းကိုလည်း တိုက်တွန်းပြောကြားလိုပါကြောင်း။

ယနေ့အချိန်တွင် နိုင်ငံတော်အစိုးရသည် “တိုင်းပြည်သာယာဝပြောရေးနဲ့ စားရေရိက္ခာ ဖူလုံရေး” ဆိုသည့် အမျိုးသားရေးရည်မှန်းချက် (၂) ရပ်ကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းပြည်သာယာဝပြောရန်အတွက် ပြည်တွင်းတွင် စားရေရိက္ခာဖူလုံပြည့်ဝရန် လိုအပ်သကဲ့သို့ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများအပေါ် ဈေးကွက်ဝင်ပို့ကုန်အမျိုးအစားအသီးသီးတို့ တိုးမြှင့်ထုတ်လုပ်ရောင်းချနိုင်မှသာ ပြည်သူများ၏ လူမှုစီးပွားဘဝ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်မြင့်မားလာမည်ဖြစ်၍ နိုင်ငံတော်အစိုးရအနေ ဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟို ကော်မတီကို နိုင်ငံတော်ဝန်ကြီးချုပ်မှ ဦးဆောင်ပြီး လုပ်ငန်းအဖွဲ့နှင့် အဖွဲ့ခွဲများသည် သက်ဆိုင်ရာ တာဝန်ယူထားသည့် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် ချိတ်ဆက်လျက် အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် နယ်မြေအလိုက် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး အချက်များသည်လည်း မဖြစ်မနေလိုအပ်မည့် အခြေခံလိုအပ်ချက်များပင်ဖြစ်ပါကြောင်း၊ အဆိုပါ လိုအပ်ချက်များ ပြည့်စုံရန်အတွက် နိုင်ငံသားတိုင်းအားလုံးသည် နိုင်ငံချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်နှင့် အမျိုးကို ချစ်စိတ် စသည့် အစွန်းမရောက်သော အမျိုးသားရေးစိတ်ဓာတ်ကို အခြေခံပြီး တိုင်းပြည်၏ အနာဂတ်ကို ပုံဖော်ဖန်တီးတည်ဆောက်ကြရမည် ဖြစ်ပါကြောင်း။

အနုပညာရှင်ဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၊ လူ့အဖွဲ့အစည်းတစ်ရပ်၏ စွမ်းဆောင်ရည်ရှိမှုကို ထင်ဟပ်ပေါ်လွင်စေပြီး ပြည်သူကိုစေ့ဆော်တိုက်တွန်းမှု အားကောင်းသည့် ဒြပ်ရှိရော၊ ဒြပ်မဲ့ပါရှိသည့် ယဉ်ကျေးမှုဘဏ္ဍာသိုက်ကြီး တစ်ခုဖြစ်ပါကြောင်း၊ တစ်နည်းအားဖြင့် ယဉ်ကျေးမှုအချင်းချင်း ကူးလူးဆက်ဆံရာ တံတားတစ်စင်းလည်းဖြစ်ကြောင်း၊ အမြင် အာရုံ၊ အကြားအာရုံ၊ စိတ်ခံစားမှုတို့နှင့် ပေါင်းစပ်ပြီး လူတို့၏နှလုံးသားကို ရိုက်ခတ်သွားစေနိုင် ရုံသာမက လူများ၏ စိတ်ခံစားမှုကို ပြောင်းလဲစေနိုင်သည်အထိ အစွမ်းသတ္တိများ အလွန်ကြီးမားလှပါကြောင်း၊ အနုပညာရပ်တစ်ရပ်မှ ထုတ်ဖော်ပြလိုက်သည့် အကြောင်းအရာများသည် နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးအတွက် အကောင်းရော အဆိုးပါ အကျိုးသက်ရောက်မှုများနိုင်သည့် ယဉ်ကျေးမှုတန်ဖိုးကို ပြသရာ ရောက်သည့်အတွက် လွန်စွာအရေးပါသည့် အခန်းကဏ္ဍက ပါဝင်နေသည်ဟု ပြောကြားလိုပါကြောင်း။

ဝိုင်းဝန်းကြိုးပမ်း

ထို့ကြောင့် ယခုတက်ရောက်လာကြသည့် အနုပညာရှင်များအနေဖြင့် မိမိနိုင်ငံ၊ မိမိလူမျိုး ဖွံ့ဖြိုးတိုးတက်စေရေး၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဓာတ်များ ရှင်သန်ကိန်းအောင်းစေရေး၊ နိုင်ငံငြိမ်းချမ်းရေး၊ စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နိုင်ငံတော်အစိုးရနှင့်အတူ ကျရာကဏ္ဍမှ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြရန် အလေးအနက် တိုက်တွန်းပြောကြားလိုကြောင်း။

၂၀၂၃ ခုနှစ်အတွင်း မြန်မာ့ရုပ်ရှင်ဇာတ်ကား ၃၅ ကား ရုံတင်ပြသနိုင်ခဲ့ပြီး ယင်းဇာတ်ကားများထဲက ထူးချွန်သည့်အနုပညာရှင်၊ အတတ်ပညာရှင်များကို အဆင့်ဆင့် စိစစ်အကဲဖြတ်ကာ ဆုများပေးအပ်ချီးမြှင့်မည်ဖြစ်ပါကြောင်း၊ ကိုဗစ် - ၁၉ ရောဂါကြောင့် ခေတ္တရပ်ဆိုင်းခဲ့ရသည့် ရုပ်ရှင်အနုပညာလုပ်ငန်းများသည် ၂၀၂၃ ခုနှစ်တွင် ပုံမှန်အခြေအနေနီးပါး ပြန်လည်သက်ဝင်လှုပ်ရှားလာခဲ့သည်ဟု ဆိုကြရမည်ဖြစ်ပါကြောင်း။

မြန်မာ့ရုပ်ရှင်လောကကြီးသာမက ရုပ်ရှင်၊ ဂီတ၊ သဘင် အနုပညာလောကသား အားလုံးပြန်လည်လှုပ်ရှားဆောင်ရွက်နိုင်ခြင်းသည် သက်ဆိုင်ရာ အစည်းအရုံးများ၏ ဦးဆောင်မှု၊ အနုပညာရပ်ဝန်းတစ်ရပ်လုံးရှိ အနုပညာရှင်များအားလုံး၏ စည်းလုံးညီညွတ်မှုများကြောင့် ယခုလို စင်မြင့်ထက်သို့ ပြန်လည်ရောက်ရှိခဲ့ခြင်းဖြစ်သည့်အတွက် ဦးဆောင်သူများရော၊ ပူးပေါင်းပါဝင် ဆောင်ရွက်ကြသူများအားလုံးကိုပါ အထူးပင်ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါကြောင်း။

ဖြတ်သန်းခဲ့သည့် မြန်မာ့ရုပ်ရှင်ခရီးလမ်းတွင် ရုပ်ရှင်လောကသားများသည် မည်သို့ပင်အခက်အခဲများ ကြုံတွေ့ခဲ့ကြသော်လည်း မိမိတို့တတ်ကျွမ်းသည့် အနုပညာစွမ်းပကားနှင့် နိုင်ငံတော်ကို အကျိုးပြုပေးခဲ့ကြသကဲ့သို့ ပြည်သူများ၏ စိတ်နှလုံးကို အနုပညာရသမျိုးစုံနှင့် ရွှင်ပြုံးအပန်းပြေစေပြီး စိတ်ဓာတ်ခွန်အားများကို ဖြည့်ဆည်းပေးခဲ့ကြပါကြောင်း။

နိုင်ငံတော်အစိုးရအနေဖြင့် စာပေ၊ ရုပ်ရှင်၊ ဂီတ၊ သဘင် စသည့် နယ်ပယ်ကဏ္ဍအသီးသီး ဖွံ့ဖြိုးတိုးတက်လာရန်အတွက် ဖြစ်သင့်ဖြစ်ထိုက်သည့် ကူညီပံ့ပိုး မှုများကို ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း၊ ရုပ်ရှင်အနုပညာရှင်များကလည်း ပြည်သူများကို ဖျော်ဖြေရေးသက်သက်သာမက နိုင်ငံ၏ ယဉ်ကျေးမှုနှင့် ချစ်စဖွယ်မြန်မာ့ဓလေ့ မြန်မာ့စရိုက်၊ မြန်မာ့ရေမြေတောတောင် သဘာဝအလှအပများကို ဖော်ညွှန်းပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုရိုက်ကူးတင်ဆက်ပေးရန်နှင့် အမျိုးသားရေးနှင့်ယှဉ်ပြီး တိုင်းချစ်ပြည်ချစ်စိတ် ထွန်းကားရေး၊ ပြည်သူများ အသိပညာတိုးတက်ရေး၊ နိုင်ငံတော်၏ ဦးတည်ချက်များ အောင်မြင်စေရေးတို့အတွက် ရိုက်ကူးတင်ဆက်ပေးကြပါရန် ထပ်လောင်းတိုက်တွန်းပြောကြားလိုပါကြောင်း။

အမျိုးသားရေးတာဝန်

ယနေ့အချိန်တွင် နိုင်ငံတော်၏ ပကတိအခြေအနေနှင့်အရှိ တရားပေါ်အခြေခံပြီး လုပ်သင့်လုပ်ထိုက်သည့် လုပ်ငန်းဆောင်တာများကို နိုင်ငံတော်အစိုးရက ဖြည့်ဆည်းလုပ်ဆောင်ပေးလျက်ရှိကြောင်း၊ ကမ္ဘာကြီး၏ မျက်မှောက်အခြေအနေအရဖြစ်စေ၊ မိမိတို့နိုင်ငံ၏ ပကတိအခြေအနေအရဖြစ်စေ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးသည် အလိုအပ်ဆုံးနှင့် အဖြစ်သင့်ဆုံးအမျိုးသားရေးပန်းတိုင်၊ အမျိုးသားရေးရည်မှန်းချက်၊ အမျိုးသားရေးတာဝန်ပင်ဖြစ်သည်ကို နိုင်ငံသားအားလုံးက နားလည်လက်ခံပေးကြရန် လိုအပ်ပါကြောင်း။

အမျိုးသားရေး သတိရှိ

စစ်အေးခေတ်လွန် ကာလများတွင် အင်အားကြီးနိုင်ငံအချို့သည် အင်အားနည်းသည့် နိုင်ငံငယ်များအပေါ် ၎င်းတို့အလိုကျ လွှမ်းမိုးချုပ်ကိုင်နိုင်ရန်အတွက် နည်းလမ်းပေါင်းစုံ၊ မဟာဗျူဟာ၊ နည်းဗျူဟာများနှင့် ချဉ်းကပ်ဆောင်ရွက်နေသည့်အထဲတွင် ယဉ်ကျေးမှုအခန်းကဏ္ဍ နယ်ပယ်သည်လည်း အဓိကကျပြီးရှိပြီး နိုင်ငံ့ယဉ်ကျေးမှုပျက်သုဉ်းပါက အဆိုပါ နိုင်ငံသားများ၏ စိတ်ဓာတ်များပါ ပျက်သုဉ်းမှုကတစ်ဆင့် နိုင်ငံချစ်စိတ်၊ အမျိုးချစ်စိတ်၊ အမျိုးဂုဏ်ကာကွယ်လိုစိတ်များ ဆုံးရှုံးမှုကတစ်ဆင့် အလွယ်တကူလက်အောက်ဩဇာခံ နိုင်ငံအဖြစ်ရောက်ရှိသွားနိုင် သကဲ့သို့ ယနေ့ကဲ့သို့ အခြေအနေမျိုးကိုလည်း ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံပေါ်တွင် နမူနာအဖြစ်တွေ့မြင်နေ ကြရမည်ဖြစ်ကြောင်း၊ အထူးသဖြင့် လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးဆိုသည့် စကားလုံးများကို ရောင်းကုန်ပစ္စည်းကဲ့သို့ ထည်လဲသုံးပြီး ပဋိပက္ခဖြစ်သည်နှင့် စိုးရိမ်ကြောင်း၊ ထိတ်လန့်တုန်လှုပ်မိကြောင်း၊ ငြိမ်းချမ်းစွာ ဖြေရှင်းကြရန်လိုကြောင်း စသည့်လက်သုံး စကားများသာပြောပြီး မျက်နှာကြီးရာ ဟင်းဖတ်ပါဆိုသကဲ့သို့ အင်းအားကြီးမားသည့်ဘက်ကပင် ရပ်တည်ပြီး ဖိအားပေးအကျပ်ကိုင်မှုများနှင့် သြဇာလောင်းရိပ်အောက်ကို ပူးပေါင်းသွတ်သွင်း နေကြသည်ကိုလည်း အမျိုးသားရေး အသိ၊ အမျိုးသားရေးသတိရှိနေကြရန် လိုအပ်ပါကြောင်း။

ယင်းသို့ အခြေအနေတွင် အမျိုးသားရေး ကိုယ်ခံစွမ်းအားနည်းသည့် ပုဂ္ဂိုလ်များ၊ ကြိုးဆွဲခံရုပ်သေးရုပ်များ၊ တိုင်းတစ်ပါး၏ ပေးစာကမ်းစာနှင့် ဘဝရပ်တည်နေသူများ စသည့် ပြည်ပအားကိုး ပုဆိန်ရိုး လက်ကိုင်တုတ်များသည် မိမိတို့နိုင်ငံကို နည်းလမ်းအမျိုးမျိုး၊ ကောလာဟလ မှိုင်းအမျိုးမျိုးတိုက်ပြီး မတည်မငြိမ်ဖြစ်အောင်၊ ပျက်စီးအောင်၊ ပဋိပက္ခများ ပိုမိုကြီးမားလာအောင် နှောင့်ယှက်နေမှုကိုလည်း သတိပြုကြရမည်ဖြစ်ကြောင်း။

နိုင်ငံအကျိုး၊ လူမျိုးအကျိုးသယ်ပိုး

ယနေ့အချိန်တွင် အချင်းချင်းစည်းလုံးညီညွတ်မှုမရှိဘဲ နိုင်ငံနှင့် ပြည်သူလူထုအကျိုးစီးပွားကို လျစ်လျူရှုပြီး သံသယများ၊ ကိုယ်ကျိုးအတ္တများ၊ လွဲမှားသည့် အယူအဆများ လုပ်ဆောင်နေကြမည်ဆိုပါက နိုင်ငံအတွက် လွန်စွာအန္တရာယ်ကြီးမားပါကြောင်း၊ ထို့ကြောင့် အနုပညာရှင်ကြီးများအနေဖြင့် မှန်ကန်သည့်အသိ တရားများနှင့် နိုင်ငံအကျိုး၊ လူမျိုးအကျိုးကို ဝိုင်းဝန်းသယ်ပိုးပေးကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း။

ယခုနှစ် ထူးချွန်ဆုရရှိသည့် အနုပညာရှင်များအနေဖြင့် အနုပညာလုပ်ငန်းများကို ဆက်လက်အောင်မြင်တိုးတက်စေရန်အတွက် အားအင်များပိုမိုရရှိပြီး မိမိတို့၏ အနုပညာအလုပ်များကို ပိုမိုအားထုတ်ကြိုးပမ်းသွားကြမည်ဟု ယုံကြည်မျှော်လင့်ပါကြောင်း။

အမျိုးသားရေးစိတ်ဓာတ်

အလားတူ ထူးချွန်ဆု မရရှိ သေးသည့် အနုပညာရှင်များအနေဖြင့်လည်း လာမည့်နှစ်ကာလများတွင် မိမိတို့၏ အနုပညာစွမ်းပကားကို မြှင့်တင်ပြီး ထူးချွန်ဆုများ ဆွတ်ခူးပေးကြပါဟု တိုက်တွန်းလိုပါကြောင်း၊ အထူးမေတ္တာရပ်ခံလိုသည်မှာ မြန်မာ့ဓလေ့စရိုက်များ မမှေးမှိန်မပျောက်ပျက်စေရန်နှင့် တိုင်းတစ်ပါးယဉ်ကျေးမှုဓလေ့ စရိုက်များ လွှမ်းမိုးပြီး အရိုးပေါ်အရွက်မဖုံးစေရန် ပြောင်းလဲနေသည့် ခေတ်ရေစီးကြောင်းပေါ်တွင် လိုက်လျောညီထွေစွာလိုက်ပါပြီး နိုင်ငံနှင့်လူမျိုးအကျိုးကို မိမိတို့တတ်ကျွမ်းသည့် အနုပညာကို အခြေတည်ပြီး အမျိုးသားရေး စိတ်ဓာတ်နှင့် ဖော်ဆောင်ပေးကြပါဟု တိုက်တွန်းပါကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ အကယ်ဒမီများရှင် ကြည်စိုးထွန်းက ဝမ်းမြောက်စကားပြောကြားသည်။

ဆက်လက်၍ အခမ်းအနားမှူးက ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် ပါဝင်ကူညီပေးကြသည့် ရွှေကြိုမောင်/ မယ်များကို တစ်ဦးချင်းမိတ်ဆက်ပေးသည်။

ထို့နောက် ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်လာကြသည့် အနုပညာရှင်များထဲမှ ရွေးချယ်ပေးအပ်သော အကောင်းဆုံး ဝတ်စားဆင်ယင်မှုဆုများ (Myanmar Academy Fashion Awards) ကို ပေးအပ်ချီးမြှင့်ရာ အကောင်းဆုံးအမျိုးသားဝတ်စား ဆင်ယင်မှု အကြီးတန်းဆုကို အကယ်ဒမီ ခန့်စည်သူ၊ အကောင်းဆုံး အမျိုးသမီးဝတ်စားဆင်ယင်မှု အကြီးတန်းဆုကို အကယ်ဒမီ ခင်သီတာထွန်း၊ အကောင်းဆုံး အမျိုးသားဝတ်စားဆင်ယင်မှုကို ဟင်နရီစံ၊ အကောင်းဆုံးအမျိုးသမီး ဝတ်စားဆင်ယင်မှုဆုကို ရုပ်ရှင်သရုပ်ဆောင် အိချောပိုတို့က ရရှိကြပြီး အကယ်ဒမီဆုများရှင် ဆွေဇင်ထိုက်က ဆုများပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်ရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် တစ်သက်တာဆုရရှိကြသူများကို ဖွင့်ဖောက်ကြေညာသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်ဇနီးတို့က မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနှင့် အနုပညာရှင်၊ အတတ်ပညာရှင်များအပါအဝင် ရုပ်ရှင်လောကသားအားလုံးက လှိုက်လှဲဂုဏ်ယူစွာချီးမြှင့်သည့် ရုပ်ရှင်တစ်သက်တာထူးချွန်ဆု ရရှိကြသော ဒါရိုက်တာ အောင်မြင့်မြတ်၊ အကယ်ဒမီ နွဲ့နွဲ့စန်းနှင့် အကယ်ဒမီ ဒါရိုက်တာ ပန်းချီစိုးမိုးတို့ကို ဆုများပေးအပ်ချီးမြှင့်ကြပြီး ထူးချွန်ဆု ရရှိကြသူများက ကျေးဇူးတင်စကား ပြောကြားကြသည်။

ယင်းနောက် အခမ်းအနားမှူး က ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကဲဖြတ် စိစစ်ဆောင်ရွက်မှုနှင့် ဆုများရွေးချယ်သတ်မှတ်မှုများကို အကျဉ်းချုပ် ရှင်းလင်းပြောကြားသည်။

ရွှေစင်ရုပ်တု ချီးမြှင့်

ဆက်လက်၍ ၂၀၂၃ ခုနှစ်အတွက် ရုပ်ရှင်အတတ်ပညာဆုနှင့် ရုပ်ရှင်အနုပညာဆုများကို ဖွင့်ဖောက်ကြေညာရာ အကောင်းဆုံးရုပ်ရှင်ဓာတ်ပုံဆုကို “ကံကောင်း” ဇာတ်ကားဖြင့် ဝင်းလွင်ထက်၊ အကောင်းဆုံးရုပ်ရှင်တေးဂီတဆုကို “ကံကောင်း” ဇာတ်ကားဖြင့် ကောင်းဆက်ပိုင် (ဂီတမြို့)၊ အကောင်းဆုံးရုပ်ရှင် ဇာတ်ညွှန်းဆုကို “ဆရာမ (The Teacher)”ဇာတ်ကားဖြင့် အကယ်ဒမီ ဒါရိုက်တာ ညိုမင်းလွင်၊ အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆုကို “ကံကောင်း” ဇာတ်ကားဖြင့် ခတ္တိယ ရုပ်ရှင်ထုတ်လုပ်ရေး၊ အကောင်းဆုံး ရုပ်ရှင်ဒါရိုက်တာဆုကို “စောင်နီလေးတစ်ထည်” ဇာတ်ကားဖြင့် ဒါရိုက်တာ တင်အောင်စိုး (ပန်းမြို့တော်)၊ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို “မုန်းခွင့်” ဇာတ်ကားဖြင့် မေမြင့်မိုရ်၊ အကောင်းဆုံးအမျိုး သားဇာတ်ပို့ဆုကို “ရည်ရွယ်မိုး” ဇာတ်ကားဖြင့် နေဝင်း၊ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို “ဘယ်တော့မှ အရှုံးမပေးဘူး” ဇာတ်ကားဖြင့် အကယ်ဒမီများရှင် စိုးမြတ်သူဇာ၊ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကို “စောင်နီလေးတစ်ထည်” ဇာတ်ကားဖြင့် အကယ်ဒမီများရှင် ရန်အောင်တို့က ရရှိကြသည်။

ထူးချွန်ဆု ရရှိကြသူများကို ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဝါရင့်အကယ်ဒမီဆုများရှင် အနုပညာရှင်ကြီးများက အကယ်ဒမီ ရွှေစင်ရုပ်တုများ ပေးအပ်ချီးမြှင့်ကြပြီး မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရရှိသူများက ကျေးဇူးတင်စကား ပြောကြားကြသည်။

၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ ကျင်းပစဉ်အတွင်း မြန်မာနိုင်ငံဟာသပညာရှင်များ အစည်းအရုံး၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနှင့် မြန်မာနိုင်ငံသဘင်အစည်းအရုံးတို့မှ အနုပညာရှင်များက တေးသီချင်းအကအလှများဖြင့် အလှည့်ကျဖျော်ဖြေတင်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်နှင့်ဇနီးတို့သည် ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် ရုပ်ရှင်၊ စာပေ၊ သဘင်၊ ဂီတနယ်ပယ် အသီးသီးမှ အသိပညာရှင်၊အတတ်ပညာရှင်များနှင့် အနုပညာရှင်များကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

ယခုကျင်းပသည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲတွင် ၂၀၂၃ ခုနှစ်၌ ရုံတင်ပြသခဲ့သည့် မြန်မာ့ရုပ်ရှင် ဇာတ်ကားပေါင်း ၃၅ ကားကို မြန်မာ့ရုပ်ရှင်ထူးချွန် ဆု စိစစ်အကဲဖြတ်ရေးအဖွဲ့က အဆင့်ဆင့်အကဲဖြတ်ပြီး ယင်းဇာတ်ကားများအထဲမှ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားများကို ရွေးချယ်၍ ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်ခြင်းဖြစ်သည်။

သက်တမ်း ၁၀၄ နှစ်ရှိခဲ့

၁၉၂၀ ပြည့်နှစ်မှ အစပြုခဲ့သည့် မြန်မာ့ရုပ်ရှင်၏ သက်တမ်းသည် ၁၀၄ နှစ်သို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။ မြန်မာ့ရုပ်ရှင်အဆင့်အတန်းမြင့်မားရေးကို ရှေးရှုပြီး ၁၉၅၂ ခုနှစ်က စတင်၍ မြန်မာ့ရုပ်ရှင်အဆင့်အတန်း မြှင့်တင်ရေးအကဲအဖြတ်အဖွဲ့သည် မြန်မာ့ရုပ်ရှင်လောကသား ထူးချွန်ထက်မြက်သည့် အနုပညာရှင်၊ အတတ်ပညာရှင်များကို ရွေးချယ်ကာ ထူးချွန်ဆုများကို ချီးမြှင့်ခဲ့ သည်။

ထူးချွန်ဆုအရေအတွက်ကို လည်း ၁၉၅၄ ခုနှစ်တွင် ဒါရိုက်တာ ဆု၊ ၁၉၅၅ ခုနှစ်တွင် အထူးဆု၊ ၁၉၅၆ ခုနှစ်တွင် ရုပ်ရှင်ဓာတ်ပုံ ထူးချွန်ဆု၊ ၁၉၆၂ ခုနှစ်တွင် အမျိုး သား ဇာတ်ပို့ဆုနှင့် အမျိုးသမီးဇာတ်ပို့ဆုများကို တိုးမြှင့်ချီးမြှင့်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ်တွင် ရုပ်ရှင်ဇာတ်ညွှန်းဆု၊ ရုပ်ရှင်တေးဂီတဆု၊ ရုပ်ရှင်အသံဆုများကို ထပ်မံတိုးမြှင့်ချီးမြှင့်ခဲ့သဖြင့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ၁၀ မျိုးအထိ ရှိလာခဲ့ကာ ၁၉၉၄ ခုနှစ်မှ စပြီး ရုပ်ရှင်တည်းဖြတ်ဆုကိုပါ ထပ်တိုးချီးမြှင့်ခဲ့သဖြင့် ဆုအမျိုးအစား ပေါင်း ၁၁ မျိုးအထိ ချီးမြှင့်ခဲ့သည်။

၁၉၉၃ ခုနှစ်မှစ၍ ရွှေကိန္နရီရွှေစင်ရုပ်တွင် တပ်ဆင်ထားသည့် ငွေကြယ်အစား နှစ်ကျပ်သား ရွှေစင်ကြယ်ကို တပ်ဆင်ချီးမြှင့်ခဲ့ပြီး ၂၀၁၇ ခုနှစ်အတွက် ချီးမြှင့်သည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေး ပွဲမှစ၍ နှစ်ကျပ်သားရွှေစင်ကြယ်အစား ငါးကျပ်သား ရွှေစင်ကြယ်သို့ ပြောင်းလဲပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်