Skip to main content

နိုင်ငံကျော်အနုပညာရှင်များနှင့် အကယ်ဒမီရွှေကြိုများ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို

နေပြည်တော် ဖေဖော်ဝါရီ ၁

၂၀၂၃ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကို တက်ရောက်ရန် ရောက်ရှိနေကြသည့် နိုင်ငံကျော်အနုပညာရှင်များနှင့် အကယ်ဒမီရွှေကြိုများသည် ယနေ့ညပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထား ပူဇော်သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သွားရောက် ဖူးမြော်ကြည်ညိုကြသည်။

 လေ့လာ

ဦးစွာ နိုင်ငံကျော်အနုပညာရှင်များနှင့် အကယ်ဒမီရွှေကြိုများသည် ဗုဒ္ဓဥယျာဉ်တော်အတွင်း တည်ဆောက်ထားရှိသည့် မော်ကွန်းတိုက်၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော် ပုံစံငယ်ပြသထားမှု၊ ဗုဒ္ဓဥယျာဉ်တော်အတွင်း ကျင်းပပြုလုပ်ခဲ့သည့် မဟာမင်္ဂလာအခမ်းအနားများတွင် အသုံးပြုခဲ့သည့် ပစ္စည်းများ၊ ဘုရားရှင်ဓာတ်တော်၊ ရဟန္တာဓာတ်တော်များ ထည့်သွင်းပူဇော်ခဲ့သည့် ရွှေဖလားများ၊ မာရဝိဇယဆင်းတုတော်ကြီးအား အစိတ်အပိုင်း (၄) ပိုင်းခွဲ၍ တည်ဆောက်ထားသော ဆင်းတုတော်ကြီး ပုံစံငယ်များ၊ မြန်မာ့ရိုးရာ ပန်းဆယ်မျိုး လက်ရာပုံစံငယ်များ၊ ရုပ်ပွားတော်မြတ်ကြီး တည်ထားပူဇော်မှု မှတ်တမ်းဓာတ်ပုံများကို လေ့လာကြ သည်။

ဆက်လက်၍ မော်ကွန်းတိုက်၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဂေါပကအဖွဲ့နှင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ခြင်းနှင့် ထိန်းသိမ်းခြင်းလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ကျွမ်းကျင်ပညာရှင်များက မာရဝိဇယဘုရားကြီး တည်ထားကိုးကွယ်ပူဇော်ရခြင်းရည်ရွယ်ချက်၊ ရုပ်ပွားတော်မြတ်ကြီးအား လုပ်ငန်းစဉ်အဆင့်ဆင့်ဖြင့် အောင်မြင်စွာ တည်ထားပူဇော်နိုင်ခဲ့မှု၊ လက်ရှိထိန်းသိမ်းဆောင်ရွက်နေမှု၊ ခေတ်မီစက်ကိရိယာများ အသုံးပြု၍ ကျောက်စာရုံ စေတီတော်များ တည်ထားဆောင်ရွက်ခဲ့မှုနှင့် သာသနာရေးဆိုင်ရာ အခမ်းအနားကြီးများ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့မှုအခြေအနေများကို ရှင်းလင်းပြောကြားပြီး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာ တည်ထားပူဇော်နိုင်ရန် အဆင့်ဆင့်ဆောင်ရွက်ခဲ့မှု ဗီဒီယိုမှတ်တမ်းကို ပြသသည်။

လေ့လာကြည့်ရှု

ထို့နောက် အနုပညာရှင်အဖွဲ့များသည် မာရဝိဇယရုပ်ပွားတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုကြပြီး ဘုရားရင်ပြင်တော်ပတ်လည်၌ စကျင်ကျောက်များအသုံးပြု၍ တည်ဆောက်ထားသည့် ဂန္ဓကုဋိတိုက်များအတွင်း၌ လေ့လာကြည့်ရှုကြသည်။

ယင်းနောက် အနုပညာရှင်အဖွဲ့များသည် ဗိသုကာလက်ရာများဖြင့် ခမ်းနားထည်ဝါစွာ တည်ထားပူဇော်ထားသည့် အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး၊ ကျောက်စာရုံစေတီတော်များနှင့် အခြားသာသနိက အဆောက်အအုံများကို ဆက်လက်ဖူးမြော်လေ့လာကြည်ညိုခဲ့ကြ သည်။

လာရောက်ဖူးမြော်လျက်ရှိ

အလားတူ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား အနယ်နယ်အရပ်ရပ်မှ ရဟန်း၊ ရှင်လူဘုရားဖူးပြည်သူများ လာရောက်ဖူးမြော် ကြည်ညိုလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်